ဂန့်ဂေါမြို့နယ် မောက်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မောက်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
” မီးခိုးတွေထွက်နေတုန်းပသေး။ ခုမှမီးသတ်နေကြရတုန်း။ သင်ချိုင်းဇရပ်ကောရှို့ထားခဲ့တာ။ နှမ်းတွေအပြည့်တင်ထားတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးကော။ ဆိုင်ကယ်ကဘယ်နှစီးလို့မသိရသေးဘူး။ အိမ်ကတော့ အလုံးနှစ်ဆယ်လောက်ရှိတယ်”လို့ ဆိုပါတယ်။
သြဂုတ်လဆန်းပိုင်းက ကလေးမြို့ကနေ ထွက်ခွာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ထယ်လှော်ကျေးရွာကို မီးရိူ့ဖျက်ဆီးခဲ့ပြီး ၂၇ ရက်နေ့မှာ မောက်ကျေးရွာဘက်ကိုပြောင်းရွှေ့ညအိပ်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့ ရွာကမထွက်ခင်မှာ ကျေးရွာကိုမီးရိူ့ဖျက်ဆီးထားခဲ့တာဖြစ်ပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်ထားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံနှစ်ဦး သတ်ဖြတ်ခံထားရတာနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ကလေးကနေ သြဂုတ်လဆန်းပိုင်းမှာ ဂန့်ဂေါမြို့ဘက်ကိုထွက်ခွာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကလေး – ဂန့်ဂေါ မိုင်ရှစ်ဆယ်ကျော်အကွာအဝေးအတွင်း သာယာကုန်း၊ ချောင်းခွ၊ နှမ်းခါး၊ ထယ်လှော်၊ မောက်ရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ယခုအချိန်မှာမောက်လင်းရွာဘက်ကို ဦးတည်နေပြီး ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကျေးရွာက ပြည်သူတွေဟာ ရွာတွေကနေ ထွက်ပြေးပြီး စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။