ကုန်စျေးနှုန်းမြင့်တက်လာမှုနဲ့ ကုန်စည်စီးဆင်းရာလမ်းကြောင်းတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတာတွေကြောင့် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေရှိ နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက DNA ကို ပြောပါတယ်။
“ပစ္စည်းတွေသယ်ရတာ အရင်ကထက်ပိုခက်လာတယ်၊လှူတဲ့လူတွေကော အဖွဲ့စည်းတွေကော အရမ်းနည်း သွားပြီး၊စုဆောင်းထားတာလေးတွေလည်း ကုန်သလောက်ဖြစ်နေပြီ၊ဒီတိုင်းဆို အဟာရပြတ် သွားဖို့ပဲ ရှိတော့တယ် ဗျာ” လို့ ဒေသတွင်းစစ်ဘေးရှောင်စခန်းတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
ကယားပြည်နယ်(ကရင်နီပြည်နယ်)မှာ စစ်ရှောင်ပြည်သူ နှစ်သိန်းကျော်ရှိပြီး အများစုဟာ တိုက်ပွဲတွေပြင်း ထန်ခဲ့တဲ့ ဒီးမောဆို၊ဖရူဆိုနဲ့ ရှမ်းကယား နယ်စပ်မြို့တွေက ဒေသခံတွေဖြစ်တယ်လို့သိရပါတယ်။စစ်ဘေးရှောင် စခန်းတွေမှာ စားနပ်ရိက္ခာ နည်းပါးလာနေပြီး စခန်လေးခုထက်မနည်းကတော့တပတ်အတွင်း ရိက္ခာမရရင် လုံးဝ နီးပါးပြတ်တောက် သွားမယ့်အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လတ်တလော စားနပ်ရိက္ခာပြတ်လပ်မယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ သုံးထောင်ဝန်းကျင်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။
“မဖြစ်နေသေးတဲ့ လွိုင်ကော်မှာ လှူမယ့်အစား ဒီမှာ လှူပေးရင်ကောင်းမှာဗျာ၊ဒီက လူတွေတကယ် ငတ်ကြ တော့မှာ”လို့ ဒေသတွင်းက အမည်မဖော်လိုသူ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက လည်းပြော ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) က ဆန်၊ဆီ၊ဆားစတဲ့ အခြေခံ စားသောက် ကုန်တွေကို ရပ်ကွက်အလိုက် ဖြန့်ဝေပေးနေတာရှိပေမယ့် လိုအပ်ချက်မြင့်မားနေတဲ့ စစ်ဘေး ရှောင်စခန်း တွေမှာတော့ အဲ့ဒီအကူအညီရတာမရှိဘူးလို့ ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေး နေသူတွေကဆိုပါတယ်။
ကယားပြည်နယ်ထဲက နေရပ်စွန့်ခွာ တိမ်းရှောင်ရသူတွေအတွက် ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ ပေမယ့် ရှုပ်ထွေးတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အကူအညီပေးခွင့် အကန့်အသတ်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဖော်ပြထားပါတယ်။
WFP ကဖြန့်ဝေတဲ့ လူသားချင်းစာနာမှု စားနပ်ရိက္ခာအထောက်အပံ့တွေကို အခွင့်မရှိဘဲ စီးပွားဖြစ်ရောင်း ချတာ လုံးဝလက်သင့်ခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက လူမှုကွန်ရက်မှာကြေညာ ထားပေမယ့် မြေပြင်မှာတော့ WFP ကဖြန့်ဝေတဲ့ ဆန်ကိုပဲ ပြန်ဝယ်ရတာမျိုး ကြုံတွေ့ရတဲ့အခြေအနေ လည်းရှိတယ်လို့ ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ကွန်ရက်ကဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ဆန်လိုအပ်ချက်မြင့်မားနေပြီး ဒေသပေါက်ဈေး တအိတ် ၃၅၀၀၀ ရှိတဲ့ ဆန် စစ်ဘေးရှောင်စခန်းတွေဆီဖြန့်ဝေပေးနိုင်ဖို့အတွက် ကူညီလှူဒါန်းပေးကြဖို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ကွန်ရက်က အခုလဆန်းပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။