ကလေးမြို့ တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ခုနစ်ဦး ဒဏ်ရာရ

Photo – CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၂၅ ရက် မနက်ပိုင်းကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာလုံးကျွတ်နီးပါးတိမ်းရှောင်နေရပြီး ရွာသား (၇) ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒေသတွင်းကျေးရွာတွေမှာ ကင်းလှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့တဲ့နောက် စစ်ကောင်စီတပ်ဟာ သူတို့အထိုင်ချထားတဲ့ ရန်ကြီးအောင်ကျေးရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

ရန်ကြီးအောင်ကျေးရွာကနေ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကို CDF – KKG နဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် (၂၂) ရက်နဲ့ (၂၃) ရက်တွေမှာ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး လေးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီနောက် ဩဂုတ် ၂၄ ရက်မှာ ရန်ကြီးအောင်ကျေးရွာထဲက စစ်ကောင်စီတပ်ကို ရဟတ်ယာဉ်နဲ့ စစ်ကူတွေ ဖြည့်တင်းခဲ့ပြီး နောက်တရက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် နောက်ဆက်တွဲအခြေအနေကိုတော့ မသိရ သေးပါဘူး။