တရုတ်ပိုင် H&M စက်ရုံအနီး တော်လှန်လူငယ်တွေ ဆန္ဒပြ

Photo – HTY information

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ထဲက H&M တံဆိပ်ချုပ်စက်ရုံနားမှာ တော်လှန်လူငယ်တွေက ၅/ ၊ ၈/ ၊ ၉/ စာသားပါ တီရှပ်တွေဝတ်ဆင်ပြီး ဒီကနေ့ သြဂုတ် ၂၅ ရက်မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

“အဲ့စက်ရုံက ၅/ ၈/ ၉/ တွေကို အလုပ်ထုတ်တာတွေ လုပ်ခဲ့တယ်ဗျ၊ စစ်တပ်ကညွှန်ကြားလို့ပါဆိုပြီး အကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့တာပါ၊ ဒါကြောင့် ဆန္ဒပြပေးခဲ့ကြတာလို့ ထင်ပါတယ်” လို့ ဆန္ဒပြလူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လူငယ်တချို့က မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတွေကို ကိုယ်စားပြုတဲ့ ၅/ ၊ ၈/ ၊ ၉/ စာသားပါ တီရှပ်တွေဝတ်ဆင်ပြီး တရုတ်နိုင်ငံပိုင် H&M တံဆိပ်စက်ရုံကိုရော အာဏာရှင်တွေကိုရော ဆန့်ကျင် ဆန္ဒပြခဲ့ကြ​တာဖြစ်ပါတယ်။

အဲ့ဒီလိုဆန္ဒပြခဲ့အပြီး နာရီပိုင်းအကြာမှာ စစ်ကောင်တပ်က အင်အား နှစ်ဆယ်လောက်နဲ့ ရောက်လာပြီး အနီးဝန်းကျင်နဲ့စက်ရုံဘက်ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လှိုင်သာယာ information ရဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။

တရုတ်နိုင်ငံပိုင် H&M တံဆိပ်ချုပ်ဟာ အခုလဆန်းပိုင်းကစပြီး မှတ်ပုံတင်မှာ ၅/၈/ပါတဲ့ အလုပ်သမား တရာ ကျော်ကို အကြောင်းပြချက်မရှိ၊ နစ်နာကြေးမပေးပဲ အလုပ်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FGWM က ပြောပါတယ်။

သဘောဆန္ဒအလျောက်အလုပ်မထွက်ရင် စစ်တပ်ကိုခေါ်ပြီး ထုတ်ရမယ်ဆိုတဲ့အထိ ခြိမ်းခြောက်ခဲ့တာကြောင့် အလုပ်သမားတွေဟာ အလုပ်ကနေ ထွက်ခဲ့ရတယ်လို့ လည်းဆိုပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တော့ DNA အနေနဲ့ စက်ရုံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်လို့မရတာကြောင့် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

“အလုပ်သမားတွေဟာ စစ်တပ်မတရား အာဏာသိမ်းမှု ကာလထဲက အလုပ်သမားအခွင့်အရေး ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်းပြောင်းတင်းတင်းနဲ့ မတရားခံနေကြရတယ်၊ခုမျဉ်းစောင်းကိစ္စကလည်း အဆိုးရွားဆုံး မတရားအနိုင်ကျင့် အလုပ်ထုတ်မှုဖြစ်တယ်” လို့ FGWM ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

ဒါကြောင့် အလုပ်သမား အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး အင်အားစုတွေအားလုံးက ဘယ်မျဉ်းစောင်းငြိငြိ အားလုံးနဲ့ ငြိတယ်၊ သက်ဆိုင်တယ်ဆိုပြီး ကမ်ပိန်းတွေ မြေပြင်သပိတ်တွေနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ နိုင်ငံသားစီစစ်ရေးကတ်ရည်ညွန်းဒေသအပေါ်မှုတည်ပြီး အကြောင်းမဲ့ အလုပ်ထုတ်တာတွေ၊ အလုပ်မပေးတာတွေ ရှိနေတယ်လို့ အခုလအစောပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။