ထီးလင်းမှာ စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်

Photo – CJ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဒေသတွင်းလှုပ်ရှားနေတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ မြို့အထွက်ဘုရားကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မနက်ပိုင်းက အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“စပစ်တာက ဘုရားကုန်းက တပ်က ငါးချက်ရှိတယ်၊ ဟိုက ပြန်ပစ်တာက သုံးချက်၊ ဘုရားကုန်းနားတော့ကျတယ်ဗျ၊ ထိမထိတော့ မသိဘူး၊ ဘုရားကုန်းဘက်က ပြန်တော့မပစ်တော့ဘူး” ဒေသခံတစ်ဦးက DNA ကို​ပြောပါတယ်။

ဒေသတွင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ ဩဂုတ် (၂၅) ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးတပ် YDF ရဲ့ ချုံခိုတိုက်ခိုက်တာခံရလို့ ဘုရားကုန်းပေါ်တပ်စွဲ ထားတဲ့ စစ်တပ်ဆီက လက်နက်ကြီး ပစ်ကူတောင်းခဲ့တယ်လို့ YDF ဗျူဟာမှူးသခင်ဇော်က ပြောပါတယ်။

အဲ့ဒီလို လက်နက်ကြီးပစ်ကူတောင်းလို့ ဘုရားကုန်းပေါ်ကတပ်က လက်နက်ကြီးပစ်ကူပေးရာမှာ ဒေသခံ ကာကွယ်ရေးတပ်တွေဘက် မကျဘဲ စစ်ကောင်စီ စစ်ကြောင်းပေါ်ကျတဲ့အတွက် စစ်ကြောင်းက ဒေါသထွက်ပြီး ထီးလင်းဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သခင်ဇော်က ဆိုပါတယ်။

“ကျနော်တို့က တိုက်တာ၊ ပွဲကြည့်ပရိတ်သတ်လုပ်ပြီး ပြန်ဆုတ်ခဲ့ရတယ်၊ ကျနော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး၊ လက်နက်ကြီးတွေကျတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တယ်၊ သူတို့ဘက်ထိခိုက်မှုကို မသိခဲ့ရဘူးဗျ” လို့ စစ်ကောင်စီ တပ်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုကို မြင်တွေ့ခဲ့တဲ့ YDF ရဲဘော် တစ်ဦးက ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ YDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်နေတာ လနဲ့ချီကြာပြီဖြစ်ပြီး စစ်ကောင်စီဟာ ထီးလင်းမြို့ပေါ်မှာသာ ခြေကုပ်ရယူထားနိုင်ပြီး ကျေးရွာတွေကိုတော့ဒေသခံကာကွယ်ရေးတပ်တွေကသာ စိုးမိုးထားတယ်လို့ သိရပါတယ်။