ဂန့်ဂေါမြို့နယ်မှာ ပြည်သူတွေဖြတ်သန်းသွားလာနိုင်ဖို့ မိုင်းရှင်းလင်းပေးနေချိန် မတော်မဆဖြစ်ပြီး ပေါက်ကွဲခဲ့တာကြောင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ရွာကလူတွေ သွားလာလို့ရအောင် ထောင်ထားတဲ့မိုင်းတွေကို သွားဖြုတ်တာမှာ ဖြစ်သွားတာ၊ အလောင်းမရလိုက်ဘူး၊မြစ်ကရေကြီးနေတာကိုး၊ ရေကလည်းနောက်ဆိုတော့၊အလောင်းဆို အပိုင်းအစတွေ ဖြစ်သွားတာပါပဲ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကလေးဘက်ကနေ ဂန့်ဂေါဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းမှုမလုပ်နိုင်ဖို့ မြစ်သာ မြစ်ကူးတံတားပေါ်မှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းထောင်ထားတာဖြစ်ပါတယ်။ ပြည်သူတွေက တံတားအသုံးပြုဖို့အကြောင်းကြားလာလို့ ထောင်ထားတဲ့မိုင်းတွေ သွားဖြုတ်ပေးချိန်မှာ အခုလိုဖြစ်ခဲ့တာလို့ သူကပြောပါတယ်။
ကျဆုံးခဲ့သူဟာ YDF တပ်ရင်း (၃) က ရဲဘော်ဖြိုးကြီးဖြစ်ပြီး ဩဂုတ် ၂၃ ရက်ညပိုင်းမှာ ပြည်သူတွေ တံတားအသုံးပြုနိုင်ဖို့ ထောင်ထားတဲ့မိုင်းတွေ ရှင်းလင်းပေးနေချိန် နောက်ဆုံးအလုံးမှာ အခုလိုမတော်တဆမှု ဖြစ်ခဲ့တာလို့ YDF အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။