မှားယွင်းပစ်ခတ်မှုအတွက် တချိန်မှာအပြစ်ခံယူမယ်လို့ Tiger Force Mandalay အဖွဲ့ထုတ်ပြန်

မန္တလေးမှာ CID က ရဲမှူးစိုးကိုကိုအထင်နဲ့ မှားယွင်းပစ်ခတ်ခဲ့လို့ အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တဲ့အပေါ် တချိန်မှာ အပြစ်ခံယူမယ်လို့ Tiger Force Mandalay အဖွဲ့က ဩဂုတ် (၂၄) ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မြေပြင်စောင့်ကြည့်အဖွဲ့ရဲ့အားနည်းချက်အမှားကြောင့် လူမှားပစ်ခဲ့မိလို့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နစ်နာခဲ့တဲ့ မိသားစုနဲ့ ပြည်သူတွေကို တောင်းပန်တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။

Tiger Force Mandalay အဖွဲ့အနေနဲ့ လျှို့ဝှက်တာဝန်ထမ်းဆောင်နေ​တဲ့ CID က ရဲမှူးစိုးကိုကိုရဲ့ အချက်အလက်တွေကို သတင်းရရှိတာကြောင့် စုံစမ်းထောက်လှမ်းခဲ့ပြီး အချက်အလက်တွေ ကိုက်ညီလို့ မစ်ရှင်လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် သေဆုံးသူတွေဟာ ပစ်မှတ်ထားခံရတဲ့ ရဲမှူးမဟုတ်ဘဲ ဟိုတယ်ဝန်ထမ်း ပြည်သူတွေဖြစ်တဲ့အကြောင်း မစ်ရှစ်ပြီးဆုံးချိန်မှာ ပြန်သိရတယ်လို့ဆိုပါတယ်။

ပစ်မှတ်ထားခဲ့တဲ့ CID ရဲမှူးစိုးကိုကိုကတော့ သေဆုံးသူတွေအနီးမှာ ရပ်ကြည့်နေခဲ့ပြီး လက်ရှိမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတာသိရလို့ အသေးစိတ်ဆက်စုံစမ်းနေတယ်လို့လည်း Tiger Force Mandalay အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို ထုတ်ပြန်တာနဲ့ပတ်သက်ပြီး DNA က Tiger Force Mandalay အဖွဲ့နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားပေမယ့် လက်ရှိအချိန်အထိတော့ အဆက်အသွယ်မရသေးပါဘူး။

မန္တလေးမြို့က သာမန်အရပ်သား ဟိုတယ်ဝန်ထမ်းတွေဖြစ်တဲ့ ကိုစည်သူကိုကိုနဲ့ ဇနီး မနှင်းဝေလှိုင်တို့ဟာ သြဂုတ် (၂၃) ရက်မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့တာပါ။ သေဆုံးသူတွေဟာ CID ရဲမှူးစိုးကိုကိုနဲ့ ဇနီးတို့ဖြစ်တယ်လို့ ကနဦးရေးသားဖော်ပြတာတွေရှိခဲ့ပေမယ့် မြို့ခံတွေရဲ့ အတည်ပြုချက်အရ သာမန်အရပ်သားတွေသာ ဖြစ်တယ်လို့ ပြင်ဆင်ဖော်ပြခဲ့ကြရပါတယ်။