တွံတေးက ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်တပ်က ရွာမှာဖမ်းဆီးမှုတွေလုပ်နေ

Photo – Google

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့် သတ်ဖြတ်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က အဲ့ဒီရွာမှာ ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့​ ဒေသခံတွေက DNA ကို ပြောပါတယ်။

“ညကဖမ်းပြီးရိုက်နှက်ထားတဲ့ ၄၀ ကမှ ၁၇ ဦးကို ဖမ်းဆီးပြီးကျန်တာပြန်လွှတ်ပေးလိုက်ပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇီးဖြူကုန်းကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ ဟာ သြဂုတ် (၂၂) ရက်ညနေပိုင်းက မြို့နယ်ထွေအုပ်ရုံးကနေ အစည်းအဝေးတက်ပြီးအပြန် တွံတေးမြို့နယ်၊ မြကန်သာကျေးရွာနဲ့ သဝန်းတောကျေးရွာလမ်းဆုံမှာ မြို့ပြပြောက်ကျား-တွံတေးအဖွဲ့က ပစ်ခတ်လို့ ခြောက်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့ တာပါ။

အဲ့ဒီနောက်စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၃ ရက် ညနေပိုင်းမှာ ဇီးဖြူကုန်းရွာကို စစ်ကား (၅) စီး၊ အင်အား (၅၀) ကျော်နဲ့ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုစစ်တပ်ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်နေတာဟာ သေဆုံးသွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူက စစ်တပ်ကိုခေါ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရွာခံတွေက ယူဆနေကြပါတယ်။

“ကျေးရွာသားတွေကို ကြိုးတုပ်ရိုက်နှက်တာတွေ လုပ်နေတယ်ဗျ၊ လက်ရှိဖမ်းဆီးခံထားရသူတွေလည်း ရှိပါတယ်၊အကုန်လုံးက စစ်သားတွေမဟုတ်ဘဲ ပျူတွေကို စစ်ဝတ်စုံဝတ်ပေးထားတာတွေလည်းပါတယ်၊ အဲ့ဒီစစ်ခွေးတွေကိုသေဆုံးသွားတဲ့ အုပ်ကြီးခင်ညွန့်သမီး ရီဝင်းနဲ့တင်မိုးလွင်တို့က ငွေပေးခေါ်ယူလာတာဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာရဲ့ရာအိမ်မှူးနဲ့ အပေါင်းအပါတချို့ကလည်း ကျေးရွာရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းက ရွာသားတွေကို NLD ပါတီဝင်၊ PDF အဖွဲ့ဝင်တွေဖြစ်တယ်ဆိုပြီး လိုက်ပြလို့ စစ်ကောင်စီတပ်တွေက ဒေသခံအများအပြားကို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြဂိုးကျေးရွာက ဒေသခံတစ်ဦးနဲ့ မြကန်သာကျေးရွာက ဒေသခံတစ်ဦးကိုလည်း သြဂုတ် ၂၃ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။