ဧရာဝတီတိုင်း၊ ကျိုက်လတ်-မအူပင်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လှည်းဆိပ် စစ်ဆေးရေးဂိတ်ကို ဒီနေ့ သြဂုတ် (၂၃) ရက်မနက်ပိုင်းမှာ ဒေသကာကွယ်ရေးနှစ်ဖွဲ့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
“ဒီဂိတ်မှာကလာသမျ ကား၊ ဆိုင်ကယ်တွေကို နေ့ ၊ည မပြတ်ငွေတောင်းရမ်းတယ်၊တောင်းတာကလည်း အတောင်းကြမ်းတယ် မထင်ရင်မထင်သလို ခရီးသွားအရပ်သားပြည်သူတွေကို ဆဲဆိုသလို ဖမ်းဆီးနေတာတွေက တနေ့တစ်ခြား ပိုဆိုးလာလို့ အခုလိုလုပ်ခဲ့တာပါ” လို့ အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
အခုဖောက်ခွဲတိုက်ခိုက်မှုကို ကျိုက်လတ် ပကဖ နဲ့ ကျိုက်လတ် ဧရာဗေဒါ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ဖို့အထိ ပြင်ဆင်ထားပေမယ့် ပစ်မှတ်နဲ့ ပြည်သူတွေ နီးနီးကပ်ကပ်ရှိနေလို့ ဖောက်ခွဲတိုက်ခိုက်တာကိုပဲ လုပ်ခဲ့တာလို့ ကျိုက်လတ် ပကဖ ကထုတ်ပြန်ပါတယ်။
အဲ့ဒီ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးဘဲ လက်ရှိချိန်ထိ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့လို့ လက်ရှိမှာ ဘေးကင်းလုံခြုံတဲ့နေရာ ရောက်နေပြီလို့ သိရပါတယ်။