ဆောမြို့က မိသားစုလိုက်သတ်ဖြတ်မှုကို YDF က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဖော်ထုတ်မယ်လို့ဆို

ဆောမြို့ကဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ရာနယ်မြေမှာ ဖြစ်ခဲ့တဲ့ နေအိမ်ထဲ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်မှုကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ဖော်ထုတ်အရေးယူသွားမယ်လို့ သြဂုတ်လ ၂၂ ရက်က ထုတ်ပြန်ပါတယ်။

“ကျနော်တို့ဒါမျိုးအရင်က ဖြစ်ပျက်ဖူးတာတစ်ခါမှမရှိပါဘူး ၊ ကျနော်လည်းရှေ့တန်းတစ်နေရာကို ရောက်နေတဲ့အတွက် အကြောင်းစုံကိုမသိရသေးတာပါ၊ ဆောဘက်ကအဖွဲ့ကို ဆက်သွယ်ပြီး အမှန်တရား ဖော်ထုတ်ဖို့ ကျနော်ရောက်နေရာကနေ ဖုန်းနဲ့လှမ်း ဆက်ထားပါတယ်” လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။

ဆောမြို့မှာနေထိုင်တဲ့ ဦးခင်မောင်လင်းမိသားစုကို YDF – Saw တပ်ဖွဲ့ဝင်တွေက ဒလန်ရှင်း လင်းရေး ခေါင်းစဥ်နဲ့ သြဂုတ်( ၂၁)ရက် ညပိုင်းက နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ရာမှာ ဦးခင်မောင်လင်းအပါအဝင် မိသားစုဝင် ငါးဦးနဲ့ရပ်ကွက်ထဲက TV လာကြည့်​​နေသူတစ်ဦးတို့ သေဆုံးခဲ့တာပါ။

သေဆုံးသူတွေထဲဦးခင်မောင်လင်းရဲ့ မြေးဖြစ်တဲ့ (၁၃)နှစ်အရွယ် မသက်ငြိမ်းအေးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အဲ့ဒီလို ပစ်ခတ်သတ်ဖြတ်ပြီးချိန်မှာ YDF Saw က ဦးခင်မောင်လင်းနေအိမ်က ရွှေ၊ငွေတွေနဲ့ အိမ်စီးကားတစ်စီး၊ ဖောကားတစ်စီးတို့ကိုပါ ယူ ဆောင်သွားကြတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်လာတဲ့နောက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ကသြဂုတ် ၂၂ တရက်အတွင်းမှာပဲ ထုတ်ပြန်ချက်နှစ်ကြိမ် ထုတ်ပြန်ရှင်းလင်းခဲ့တာပါ။

YDF ရဲ့ ကနဦး ထုတ်ပြန်ချက်အရ ဆောမြို့ထဲ မှာပျူစောထီးတွေအစည်းအဝေးလုပ်နေတယ်ဆိုတဲ့ သတင်းအရ သွားရောက်စစ်ဆေးရာမှာ ခုခံမှုတွေရှိတဲ့အတွက် ပျူစောထီးတွေဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဦးခင်မောင်လင်းပါဝင်တဲ့ ပျူစောထီးတွေဟာ ဒေသခံလူငယ်တွေဖမ်းဆီးခံရအောင်သတင်းပေးတာ၊ စစ်ကောင်စီစစ်ကြောင်းတွေကို လမ်းပြပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ ပါဝင်နေတာ၊ မူးယစ် ဆေးဝါးရောင်းဝယ်ရေးနဲ့ လောင်း​ကစားပြုလုပ်တာတွေအတွက် ဒေသခံပြည်သူလူထုက YDF ကို ၅ ကြိမ် တိုင်တိုင် တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် YDF အဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးတဲ့အခါ အနီးနားကလူတွေပါ ရောက်လာ ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလိုဓားနဲ့ ​ပြန် တိုက်ခိုက်တဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ ရတယ်လို့ YDF ရဲ့ကနဦးထုတ်ပြန်ချက်ကဆိုပါတယ်။

ဦးခင်မောင်လင်းရဲ့မြေး မသက်ငြိမ်းအေးကလည်း ရဲဘော်တစ်ယောက်ရဲ့ သေနတ်ကို ဝင်လုရာက မတော်တဆကျည်ထွက်ပြီး ထိမှန်ခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အဲ့ဒီလိုအချက်တွေပါဝင်တဲ့YDF ရဲ့ ပထမအကြိမ် ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်ပြီး တာဝန်ခံမှုရှိဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင်ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း YDF – Saw ရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချပြီး သက်ဆိုင်သူတွေအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

အခုပြင်းပြင်းထန်ထန် ဝေဖန်မှုတွေရှိလာပြီး နောက် YDF ရဲ့နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာတော့ ပထမအကြိမ်ထုတ်ပြန်ချက်ဟာ YDF ဗဟိုကိုပေးပို့လာတဲ့ အချက်အလက်တွေ အတိုင်း ထုတ်ပြန်ထားတာဖြစ်ပြီး တချို့အချက် အလက်တွေကိုမြေပြင်မှာ တကယ်ဖြစ်ခဲ့တာ ဟုတ်၊မဟုတ် စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖော်ပြလာတာပါ။

အောက်ခြေတာဝန်ရှိတဲ့တပ်ရင်းကနေ သတင်း အချက်အလက် မှားယွင်းပို့ဆောင်တာမျိုးရှိခဲ့ရင် အမှန်တရားပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး တာဝန်ဝတ္တရား တပ်စည်းမျဥ်း၊ စည်းကမ်းထက်ကျော်ပြီး ကျူးလွန်တာရှိခဲ့ရင် ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ YDF ဗဟိုကဆိုပါတယ်။