မောင်မင်းအောင်လှိုင်လေးနဲ့တော့ မခက်ချေဘူးလား။
ကိုရင်လည်း မပြောဘူး၊ ငါ…ပြောကို မပြောဘူးနဲ့ ရေငုံနှုတ်ပိတ်နေနေတာပဲ။ ဒင်းကိုက မပြောမနေအောင် လုပ်လာမှတော့ မပြောမပြီး မတီးမမြည်ဆိုသလို ပြောရချေဦးမယ်။
မောင်မင်းအောင်လှိုင်လေး လုပ်ပုံပြောပါတယ်။ သူ့ဟာသူ အာဏာရူးပြီး ထိုင်ခုံလုအာဏာသိမ်းတာကို ဘာတဲ့… ‘ရွေးကောက်ပွဲ မဲမသမာလို့’တဲ့။
အိမ်း…အဲ့လို ရွေးကောက်ပွဲ မဲမသမာလို့ဆိုပြီး အကြောင်းပြ အာဏာသိမ်းလိုက်လို့ အဲ့ကိစ္စတစ်စခန်းရပ် ဇာတ်သိမ်း သလားမှတ်တယ်။ မသိမ်းဘူး အရပ်ကတို့။
သူအဲ့သလို အာဏာသိမ်းပြီး များမကြာမီမှာပဲ အိမ်စောင့်အစိုးရဆိုသဟာကိုဖွဲ့ပြီး ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးနေရာကို ‘ဘယ်သူ ပေးပေး မပေးပေး ကိုယ့်ဖာသာပေး’ဆိုတဲ့ မူနဲ့ တက်လုပြန်တယ်။
အဲဒီ့လို ဝန်ကြီးချုပ်ရာထူးကို ဘယ်သူမှ မပေးဘဲ ဘာလို့ယူရပြန်တာလဲလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်း ထောက်တစ်ယောက်က မေးတော့ သူ့တပည့်ဇော်မဲလုံးတစ်ယောက် ဖြေလိုက်တာက ‘ရွေးကောက်ပွဲ မဲမသမာလို့’ ပါတဲ့။ ကဲ…မောင်မင်းအောင်လှိုင်လေးနဲ့ မခက်ချေဘူးလား။
အဲ…ဒီလို ဝန်ကြီးချုပ်ရာထူးကို လုယူပြီးတဲ့နောက်မှာတော့ မောင်မင်းအောင်လှိုင်လေးဟာဆိုရင် ‘ငါဟဲ့ ဝန်ကြီးချုပ်’ ဆိုတဲ့ မာန်လေးတင်ပြီး တိုင်းပြည်အနှံ့ အမြီးလေးနှံ့လို့ တိုင်းခန်းလှည့်လည်တော့တာပေါ့။
အဲဒီ့လို အမြီးနှံ့ တိုင်းခန်းလှည့်လည်ပွဲကြီးမှာလည်း သူ့တပည့် စစ်ခွေးတွေနဲ့တွေ့ပြီး သူဘာ့ကြောင့် အာဏာသိမ်းရ သလဲဆိုတာကို နားထောင်ချင်ချင်၊ မချင်ချင် နှစ်နာရီစာ Non-Stop လွှတ်တော့တာပဲတဲ့။
ဒီလို ပြောတဲ့အခါမှာလည်း ‘ရွေးကောက်ပွဲ မဲမသမာလို့’ ဆိုတဲ့စကားကို တစ်မိနစ်ခြားတစ်ခါ ထည့်ထည့်ပြော လွန်းလို့ သူ့ပွဲကိုတက်လာတဲ့ ခွေးအစစ်တွေတောင် မှတ်မိကုန်ပြီး အူကြ၊ ဟောင်ကြ၊ ကိုက်ကြတဲ့အခါ အူသံ၊ ဟောင်သံ၊ ကိုက်သံတွေ ထွက်မလာတော့ဘဲ ‘ရေးကောက်ပွဲ မဲမသမာလို့’ ဆိုတဲ့အသံတွေ ထွက်ကုန်တဲ့အထိပါတဲ့။ (အမျိုးချင်း ရိုင်းပင်းကြ၊ စည်းလုံးကြတာပြောပါတယ်။)
ဒီလိုနဲ့ မောင်မင်းအောင်လှိုင်လေးရဲ့ အမြီးနှံ့တိုင်းခန်းလှည့်လည်ပွဲက သူ့စစ်ခွေးတွေနဲ့တင် ပြီးတယ်ဆို ကိုရင် ဘာမှ ပြောစရာမရှိပါဘူး။ အခုတော့ ခရီးလက်လွန်ပြီး သူ့အမြီးနှံ့တိုင်းခန်းလှည့်လည်ပွဲက နွားခြံ၊ ကြက်ခြံ၊ ဝက်ခြံတွေ အထိတောင် ရောက်တဲ့အထိပါပဲ။ (ပူတာအိုကိုတော့ ဒီနေ့ထိ မရောက်သေးဘူး အရပ်ကတို့)။
အဲဒီ့ နွား၊ ကြက်၊ ဝက် တိရစ္ဆာန်တွေနဲ့ တွေ့တဲ့အခါမှာလည်း မင်းတို့ကို အခုလို လာကြည့်ရတာဟာ ရွေးကောက်ပွဲ မဲမသမာတာကြောင့်ဆိုပြီး နှုတ်ခွန်းဆက် ပြောဆိုသတဲ့။
မောင်မင်းအောင်လှိုင်လေး သွားတွေ့ခဲ့တာ နွားတွေ၊ ကြက်တွေ၊ ဝက်တွေတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ရေထဲက ငါးတွေအထိတောင် ပါသေးသတဲ့။ အဲ့ငါးတွေကိုတော့ ဘာမှာကြားသလဲဆိုတာ အတွင်းသတင်းထွက် မလာတော့ မသိရဘူး။ ကိုရင့်အထင်တော့ ‘ငါမလုပ်ရဲတာ ဘာမှမရှိဘူး။ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ လုပ်ရင်တော့ ရေထဲနေလည်း ဂရုစိုက်နေမှာမဟုတ်ဘူး။ ရွေးကောက်ပွဲ မဲမသမာဘူးအကြောင်းပြ အာဏာလာသိမ်းပစ်လိုက်မယ်၊ ဘာညာဆိုပြီးဖြစ်မှာပေါ့။
ပြောမယ့်သာ ပြောရတာပါ မောင်မင်းအောင်လှိုင်လေးလည်း အတော်တော့ သနားစရာပါ။ သူ့ခမြာ အာဏာလိုချင်၊ ရာထူးမက်၊ ထိုင်ခုံမက်လို့ အာဏာကို ရှေ့မကြည့်၊ နောက်မကြည့်ဘဲ သိမ်းလိုက်ရပေမယ့် အဲဒီ အာဏာသိမ်းတဲ့ နေ့ကတည်းက နေ့လည်း မအိပ်ရ၊ ညလည်း မအိပ်ရနဲ့ နေလာခဲ့ရတာ မဟုတ်လား။ မအိပ်ရတာ ဟုတ်လို့လား၊ အနားမရတာ ဟုတ်လို့လားလို့ လာမမေးနဲ့ မယုံရင် သူ့မျက်နှာကိုသာကြည့်လို့ ညွှန်းချင်တယ်။
အဲဒီ့လို မအိပ်ရ၊ မနားရနဲ့ တချောင်ချောင်ဖြစ်နေတဲ့ကြားက သူအာဏာမက်လို့၊ အာဏာရူးလို့ အာဏာလုပါတယ် ဆိုတာ ပေါ်မှာစိုးရိမ်တဲ့အတွက် ဟိုလူနဲ့ ပြေးတွေ့၊ ဒီလူနဲ့ပြေးတွေ့၊ သူ့တပည့်စစ်ခွေးတွေကို ပြေးတွေ့ အယုံသွင်းနဲ့ ခွေးပြေး၊ ဝက်ပြေးဆိုတာ သူမှအစစ်။ (ပူအာအိုကိုတော့ ဒီနေ့ထိ မသွားရဲသေးပါဘူး အရပ်ကတို့။)
အဲဒီ့လိုပြေးပြေးလွှားလွှားသွားတွေ့ပြောနေရတာတောင် သူ့တပည့်စစ်ခွေးတွေက မယုံသင်္ကာဖြစ်လာတာမို့ ရောက်တဲ့ နေရာတိုင်း ‘ရွေးကောက်ပွဲ မဲမသမာလို့’ဆိုတဲ့ စကားကို ပြောရတာလည်း ၂၄ နာရီ အိပ်ချိန်မရ Non-Stop ပါပဲတဲ့။ အိပ်ရင်တောင် ယောင်သေးသတဲ့။
ဒီတော့လည်း အထက်ကပြောသလို သူနဲ့တွေ့တွေ့သမျှ လူတွေတင်မက နွားတွေ၊ ကြက်တွေ၊ ဝက်တွေ၊ ငါးတွေ၊ ကိုပါ ‘ရွေးကောက်ပွဲ မဲမသမာလို့’ဆိုတဲ့စကားကို တွေ့တာနဲ့ ဦးအောင်ပြောနေတော့တာပေါ့။
ဟော…တစ်နေ့ကလည်း ဓာတ်ပုံတစ်ပုံ အွန်လိုင်းမှာ ပျံ့လာသေး မဟုတ်လား။ ပန်းအိုးထဲက စပါးပင်တွေကို သွားရောက်တွေ့ဆုံ မှာကြားနေတဲ့ ပုံလေ။ စပါးပင်က သူ့ထက် အရပ်ပိုရှည်နေလို့ အံ့သြနေတဲ့ ရုပ်နဲ့တွေ့ရတဲ့ မောင်မင်းအောင်လှိုင်လေးလေ။ အဲဒီ့စပါးပင်တွေနဲ့တွေ့တော့ သူဘာပြောတယ် မှတ်လဲ။
“မင်းတို့ အခုလို ပန်းအိုးထဲ ဘာလို့ရောက်နေတယ် ထင်သလဲ”လို့ မေးသတဲ့။
ပန်းအိုးထဲက စပါးတွေက ဘာမှပြန်မပြောတော့ သူကပဲ စကားကို ဆက်တယ်။
“အဲဒါ…ရွေးကောက်ပွဲ မဲမသမာလို့”တဲ့။
နောက်ထပ်ကြားရတဲ့သတင်းကလည်း သိပ်မကောင်းဘူး။
အခုဆို နွားတွေ၊ ကြက်တွေ၊ ဝက်တွေ၊ ငါးတွေ၊ စပါးတွေ တင်မကတော့ဘူး။ ရုံးထဲက စားပွဲတွေ၊ ကုလားထိုင် တွေကိုပါ အဲဒီစကားပြောနေပြီတဲ့။ ။
ကိုရင်နွေဦး