
ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက ဩဂုတ်လ ၂၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒါ့ကြောင့် ဝန်ကြီးချုပ်အနေနဲ့ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို တက်ရောက်ဖို့ စီစဉ်ထားတဲ့ တူနီးရှားခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။
တစ်ပတ်ကြာ အနားယူပြီးနောက် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟာ ဒီကနေ့ ဩဂုတ်လ ၂၂ရက်ကစပြီး သူ့ရဲ့နေအိမ်ကနေပဲ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ တိုကျို နိုင်ငံတကာ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (TICAD) ကိုလည်း အွန်လိုင်းကနေပဲ ပါဝင်သွားမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောဆိုပါတယ်။
၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ပြုလုပ်တာဖြစ်တဲ့ အဋ္ဌမအကြိမ်မြောက် TICAD ညီလာခံကို ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အာဖရိကသမဂ္ဂကော်မရှင်တို့ ပူးပေါင်းကျင်းပနေတာ ဖြစ်ပါတယ်။ စည်းဝေးပွဲဟာ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ ကမ္ဘာ့တိုက်ကြီးတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လနဲ့သြဂုတ်လအထိ ဂျပန်မှာ ကိုဗစ်ကူးစက်မှုတွေ စံချိန်တင်ပြန်လည်မြင့်တက်လာနေတာပါ။
ဂျပန်အာဏာပိုင်တွေဟာ ကပ်ရောဂါဖြစ်ပွာနေတဲ့ကာလတစ်လျှောက် တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေမှာ အသုံးပြုနေတဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ရှောင်ကြည်ထားတာဖြစ်ပြီး ရောဂါပိုး တားဆီးဖို့အတွက် Mask ဝတ်ဆင်တာနဲ့ တယောက်နဲ့တယောက် ခပ်ခွာခွာနေတဲ့ စည်းကမ်းတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ ဖြစ်ပါတယ်။