အယ်လ်ဂျီးရီးယားမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း လေးဆယ်နီးပါး သေဆုံး

Photo – AP

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ သစ်တောတွေ မီးလောင်ကျွမ်းတာကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးပြီး ၁၆၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်အာဖရိကနိုင်ငံ အရပ်ဘက်ကာကွယ်ရေးဌာနက ဩဂုတ်လ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သေဆုံးသူအများစုမှာ အယ်လ်ဂျီးရီးယား-တူနီးရှားနယ်စပ်အနီး အယ်လ်တာ့ဖ်ပြည်နယ်က ဖြစ်ပြီး လူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အိမ်ထဲမှာ တွေ့ခဲ့တဲ့ မိသားစုငါးဦးနဲ့ တောင်ထူထပ်တဲ့ ဒေသမှာ ခရီးသွားနေတဲ့ အများသုံးဘတ်စ်ကားပေါ်က လူ ၈ ဦးတို့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့  ကျန်ရစ်သူမိသားစုတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ပျားအုံတွေနဲ့ ခြံမွေးတိရိစ္ဆာန်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် လျော်ကြေးပေးဆောင်တာနဲ့ လုပ်ငန်းတွေ ပြန်လည်ပြုပြင်တည်ဆောက်ပေးသွား မယ်လို့ ဝန်ကြီးချုပ် Aïmene Benabderrahmane က ပြောပါတယ်။

ဩဂုတ်လ ၁၇ရက်နေ့ တစ်ရက်တည်း ဒေသ ၁၄ ခုမှာ မီးလောင်ကျွမ်းမှု ၃၉ ခု ဖြစ်ပွားခဲ့ပြီး သစ်တောတွေနဲ့ မြေဟက်တာ ၃၂၀၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ အယ်လ်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီး Kamel Beldjoud က ပြောဆိုပါတယ်။

အယ်လ်ဂျီးရီးယားပြည်နယ်ဟာ မီးလောင်ကျွမ်းမှုကို တိုက်ဖျက်ဖို့ အတွက် လူအင်အားနဲ့ ပစ္စည်းအရင်းအမြစ် အားလုံးကို အသုံးပြုသွားမှာ ဖြစ်ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေ ဒါမှမဟုတ် ထိခိုက်ခဲ့ရတဲ့ သူတို့ရဲ့ နေအိမ်တွေအတွက် လျော်ကြေးငွေတွေ ပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ Abdelmadjid Tebboune ကလည်း ပြောဆိုထားပါတယ်။

အယ်လ်ဂျီးရီးယားမှာ အရင်နှစ်ကလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းတာကြောင့် စစ်သား ၃၃ ဦး အပါအဝင် လူ ၁၀၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။