ရန်ကုန်တိုင်းအတွင်းက စက်သုံးဆီအရောင်းဆိုင်တွေမှာ 95ဓာတ်ဆီဟာ သြဂုတ် ၁၆ရက်မနက်ပိုင်းမှာ တင်ပြတ်တောက်သွားပါတယ်လို့ ဆီဆိုင်ဝန်ထမ်းတချို့ နဲ့ ယဉ်မောင်းတွေက ပြောပါတယ်။
“ဒီမနက်တစ်ပိုင်းလုံး လိုသလောက်ဖြည့်လို့ရအောင်ရောင်းပေးနေတာ။လိုသလောက်ရောင်းပေးတော့ တော် တော်များများက ဆီတိုင်ကီအပြည့်ဖြည့်ကြတာ။အခုတော့ မရှိတော့ဘူး”လို့ YPစက်သုံးဆီ အရောင်း ဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စက်သုံးဆီတွေကို သြဂုတ်လကုန်ပိုင်းအထိ အလုံအလောက်ဖြန့်ဖြူပေးထားတဲ့အတွက် စက်သုံးဆီရောင်း ချမှု ရပ်တန့်တာ၊အကန့်အသတ်နဲ့ရောင်းချတာတွေ့ရှိရင် တိုင်ကြားနိုင်တယ်လို့ ကုန်သွယ်မှုနဲ့ကုန်စည်စီး ဆင်းမှုများ မှန်ကုန်မြန်ဆန်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလို ထုတ်ပြန်ပြီးနောက် စက်သုံးဆီအရောင်းဆိုင်အချို့က လာရောက်ဝယ်ယူသူတွေကို အကန့်အသတ်နဲ့ မရောင်းတော့ဘဲ လိုသလောက်ရောင်း ချပေးခဲ့တာကြောင့် အခုလိုဆီပြတ်တောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီတွေကို သြဂုတ် (၁၅)ရက်နေ့ကတည်းက လိုသလောက်ပြန်လည်ရောင်းချပေးတာလို့လည်း အရောင်းဆိုင်တွေက ပြောပါတယ်။ဒါပေမယ့် ကိုယ်တိုင်ဝယ်ယူခဲ့သူတချို့ကတော့ ဩဂုတ် (၁၅)ရက်နေ့က ရန်ကုန် စက်သုံး ဆီအရောင်းတချို့မှာ ယာဥ်တစီး ကျပ်နှစ်သောင်းဖိုးပဲ ရောင်းချပေးတာမျိုး ကြုံတွေ့ခဲ့ ရတယ်လို့ပြောပါတယ်။
လက်ရှိမှာ (95)ဓာတ်ဆီတွေရောင်းချဖို့ ပြတ်လပ်သွားပေမယ့် (92) ဓာတ်ဆီအပါအဝင် တခြားစက်သုံး ဆီတွေကို အရာင်းဆိုင်တွေက လိုသလောက်ရောင်းချပေးနေတယ်လို့ အရောင်းဆိုင်ဝန်ထမ်းအချို့နဲ့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
“ဝယ်လို့ရတယ်၊ကျွန်တော်လည်း ဝယ်ရတုန်း အပြည့်ဖြည့်ခဲ့တယ်၊ပြောမရဘူးလေ၊ဘယ်အချိန်အကန့်အ သတ်တွေနဲ့ပြန်ဖြစ်မယ်ဆိုတာ”လို့ Denko စက်သုံးဆီဆိုင်မှာ ဝယ်ယူခဲ့တဲ့ ယာဥ်ပိုင်ရှင် ကိုဇင်လင်းနိုင်က ပြောပါတယ်။
အခုလို စက်သုံးဆီတွေကို လိုသလောက်ပြန်လည်ဝယ်ယူလို့ရပေမယ့် ရန်ကုန်တိုင်းအတွင်းမှာ သြဂုတ် (၁၆) ရက်မနက်ပိုင်းအထိ (92) တစ်လီတာကို (၂၃၆၀) ကျပ်နဲ့ (95)တစ်လီကို( ၂၄၄၅) ကျပ်အထိရှိတယ်လို့ DENKO ဆီဆိုင်ရဲ့ထုတ်ပြန်မှုအရ သိရပြီး သြဂုတ် (၁၅)ရက်စျေးနှုန်းထက် တစ်လီတာကို ငွေကျပ် (၁၀၀)ခန့်မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ နိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်တာတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေဟာ စက်သုံးဆီရောင်းချ သူတွေရဲ့ ကိုယ်ကျိုး ရှာမှုကြောင့် ဖြစ်လာတာလို့စွပ်စွဲနေပြီး စက်သုံးဆီရောင်းချသူတွေကလည်း စစ် ကောင်စီရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲ မှုတွေကြောင့်လို့ တုံ့ပြန် ဝေဖန်တာတွေ ရှိနေပါတယ်။