စက်သုံးဆီစျေးမြင့်တက်မှုကြောင့် အငှားယာဥ်မောင်းအချို့ ကားပြန်အပ်

Photo- Myanmar Tech Press

န်ကုန်တိုင်းအတွင်းမှာ စက်သုံးဆီစျေးနှုန်းမြင့်တက်တာအပြင် ဆီအလုံအလောက်ရဖို့ကလည်း မလွယ်ကူလို့ အငှားယာဥ်မောင်းတချို့ ကားပြန်အပ်ရတဲ့အထိ ဖြစ်လာနေတယ်လို့ အငှားယာဥ်မောင်းနှင်သူတွေက DNA ကို ပြောပါ တယ်။

“ကျွန်တော်တို့က တစ်ရက်စာတစ်ရက် လုပ်စားနေရတာဆိုတော့ အဲ့ဒီနေ့ဆီဖိုးအရင်းတောင် တော်တော် လေး ဒုက္ခ၊သုတ်ခနဲ့ရင်ဆိုင်ပြီး ဆီရဖို့အတွက်တောင်မနဲဘုရားတပြီးတော့မှ ဘယ်ဆိုင်ကရမလဲ ဘုရားတမောင်းနေ ရတာ”လို့ ကားပြန်အပ်ခဲ့တဲ့ အငှားယာဥ်မောင်းတစ်ဦးဖြစ်တဲ့ကိုလင်းလင်းက ပြောပါတယ်။
အခုလိုအငှားယာဥ်ကို ပြန်အပ်လိုက်ရတဲ့အတွက် စားဝတ်နေရေးအခက်ကြောင့် လခစားဝန်ထမ်း အလုပ်ရှာနေပြီး လတ်တလောမှာ အမျိုးသမီးရဲ့ စျေးရောင်းအလုပ်ကိုသာ ဝိုင်းကူညီ နေရတယ်လို့ ပြောပါတယ်။
ဆီကားအငှားယာဥ်တွေ အနေနဲ့ တစ်ရက်အုံနာကြေးမှာ ရှစ်ထောင်ကနေ ကိုးထောင်ကျပ်အထိ ပေးရပါတယ်။ တစ်ရက်တာ ဆီဖိုးက နှစ်သောင်းကျပ်ရှိတာကြောင့် တစ်ရက်မောင်းရငွေ သုံးသောင်းနဲ့အထက်ရမှသာ အိမ်သုံးဖို့ကျန်တာမို့လို့ အခုလိုကားပြန်အပ်တာလို့လည်း အငှားယာဥ်မောင်းတွေက ဆိုကြပါတယ်။
စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနဲ့ ဆီအလုံအလောက်မရတဲ့အခက်ကြောင့် ယာဥ်မောင်းတွေသာမက အငှားယာဥ်တွေ ပိုင်ရှင်တွေကိုယ်တိုင်ကလည်း ရပ်နားထားဖို့ ဆုံးဖြတ်လာကြတယ်လို့ အခြား အငှားယာဥ်မောင်းတဦး က လည်းပြောပါတယ်။
“လုံးဝဆီစျေးတက်လာတဲ့ အနေအထားမျိုးမှာ လုံးဝရပ်ထားလိုက်တာ။ ထွက်နိုင်တဲ့အချိန်ကာလမျိုးမှာ ထွက်ပေါ့။အုံနာ(ပိုင်ရှင်)တွေကတော့ အပြောင်းအလဲလုပ်ပေးပါတယ်။တချို့ကျတော့လည်း အရမ်းမကိုက်လို့ သူတို့ မကိုက်တာတော့ လုပ်မနေနိုင်တော့ဘူး။ရပ်ထားမယ်ဆိုတဲ့ပုံစံမျိုးနဲ့အကုန်လုံးက ငြီးနေကျတယ်” လို့ တခြား အငှားယာဥ် မောင်းတစ်ဦးကလည်း ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ သြဂုတ် (၁၆)ရက်မနက်ပိုင်းအထိ (92) တစ်လီတာကို (၂၃၆၀) ကျပ်နဲ့ (95)တစ်လီကို (၂၄၄၅) ကျပ်အထိရှိတယ်လို့ DENKO ဆီဆိုင်ရဲ့ထုတ်ပြန်မှုအရ သိရပြီး သြဂုတ် (၁၅)ရက်စျေးနှုန်းထက် တစ်လီတာကို ကျပ် (၁၀၀)ခန့်မြင့်တက်ခဲ့တာပါ။
လူထုအကြား အခုလို အခက်အခဲတွေဖြစ်နေရပေမယ့် စစ်ကောင်စီကတော့ စက်သုံးဆီအလုံအလောက်ရှိပြီး အ ရောင်းဆိုင်တွေကသာ အကျိုးစီးပွားအတွက် ရောင်းချမှုရပ်တန့်တာ အကန့်အသတ်နဲ့ရောင်း ချတာတွေ လုပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုနေပါတယ်။