ရွှေကုက္ကိုလ်စီမံကိန်းပိုင်ရှင် တရုတ်နိုင်ငံသား ဘန်ကောက်မြို့မှာ ဖမ်းဆီးခံရ 

တရားမဝင်အွန်လိုင်း ကာစီနိုလုပ်ငန်းလုပ်ကိုင်တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် She Zhijiang ကို ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၁၃ရက်နေ့မှာ ပြောပါတယ်။ 

အသက် ၄၀အရွယ် She Zhijiang ဟာ ၂၀၁၂ခုနှစ်ကတည်းက တရုတ်အစိုးရလက်ထဲကနေ ရှောင်ပြေးနေတာလို့ တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

သူဟာ အငြင်းပွားဖွယ် ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ်က ရွှေကုက္ကိုလ်စီမံကိန်းနဲ့ ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းလောင်းကစားစီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်တဲ့အပြင် ဖိလစ်ပိုင်မှာလည်း ထီလုပ်ငန်းတွေ ပိုင်ဆိုင်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဆိုကြပါတယ်။

ဩဂုတ်လ ၁၀ရက်နေ့ ညပိုင်းမှာ She Zhijiang ကို လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထား ပြီးနောက် သူ့ကို ထိုင်းမှာ နေထိုင်ခွင့် ဗီဇာလည်း ရုတ်သိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

She Zhijiang ဟာ ကာစီနိုလုပ်ငန်းတခုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံမှာ ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် အများဆုံး ထောင် ၁၀နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။ 

စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေ ၊ အွန်လိုင်းလောင်းကစား ပလက်ဖောင်းတွေပါဝင်တဲ့  ရာဇဝတ်ဂိုဏ်းတခုကို ၂၀၁၈ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီအတွင်း She Zhijiang က ဦးဆောင်ခဲ့တယ်လို့ ၂၀၂၁ခုနှစ်က ထုတ်ပြန်တဲ့ အင်တာပိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

She Zhijiang ဟာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ မွေးပေမယ့် ကမ္ဘောဒီးယား ပက်စ်ပို့ ကိုင်ဆောင်ထားတယ်လို့ အင်တာပိုရဲ့  ထုတ်ပြန်ချက်က ဆိုပါတယ်။ ကမ္ဘောဒီးယားအစိုးရဟာ လူတဦးက အမေရိကန်ဒေါ်လာ ၂သိန်းခွဲလှူဒါန်းမယ်ဆိုရင်  နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ကို She Zhijiang ကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားပြီး တရုတ်နဲ့ ထိုင်းဟာ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ရှိပေမယ့် လွှဲပြောင်းမယ်ဆိုရင်တော့ လုပ်ငန်းစဉ်အရ လနဲ့ချီကြာမြင့်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။