ရုရှားရေနံစိမ်းကနေ ထုတ်လုပ်ထားတဲ့ လောင်စာဆီတွေကို ပင်လယ်ရေကြောင်းက တဆင့် နယူးယောက်ကို တင်ပို့ဖို့ အိန္ဒိယကို အသုံးပြုခဲ့တဲ့ အခုနှစ်အစောပိုင်းက ဖြစ်ရပ်ကြောင့် အမေရိကန်က စိုးရိမ်ပူပန်နေတဲ့အကြောင်းကို ထိပ်တန်း အိန္ဒိယ ဗဟိုဘဏ်လုပ်ငန်းရှင်တစ်ဦးက ဩဂုတ်လ ၁၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ဖေဖေါ်ဝါရီလက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲခဲ့တဲ့ ရုရှားအပေါ် အမေရိကန်ရဲ့ ကန့်သတ်ပိတ်ဆို့မှုအရ ရေနံစိမ်း၊ သန့်စင်ထားတဲ့ လောင်စာဆီ၊ ပေါင်းခံရည်၊ ကျောက်မီးသွေးနဲ့ ဓာတ်ငွေ့တွေ အပါအဝင် ရုရှားမူပိုင် စွမ်းအင်ထုတ်ကုန်တွေကို အမေရိကန်ဆီ တင်သွင်းမှု တားမြစ်ထားတာ ဖြစ်ပါတယ်။
“အိန္ဒိယသင်္ဘောတစ်စင်းဟာ ပင်လယ်ပြင်မှာ ရုရှားရေနံတင်သင်္ဘောတစ်စီးနဲ့ တွေ့တယ်၊ အဲဒီ ပင်လယ်ပြင်မှာပဲ ရေနံတွေ တင်တယ်၊ ပြီးတော့ Gujarat ဆိပ်ကမ်းကို ရောက်တယ်၊ အဲဒီဆိပ်ကမ်းမှာပဲ ရေနံတွေကို ပြုပြင်တယ်၊ ပေါင်းခံရည်အဖြစ် ပြောင်းလဲလိုက်တယ်” လို့ Reserve Bank of India ရဲ့ ဒုဥက္ကဌ Michael Patra က ပြောဆိုထားပါတယ်။
“သန့်စင်ထားတဲ့ ထုတ်ကုန်တွေကို အဲဒီသင်္ဘောပေါ် ပြန်တင်တယ်၊ ပြီးတော့ သွားမယ့်နေရာ အတည်တကျမရှိဘဲ ရွက်လွှင့်သွားတယ်၊ ပင်လယ်ပြင်မှာပဲ ပို့ရမယ့်နေရာကို ရတော့ နယူးယောက်ကို သွားလိုက်တယ်၊ အလုပ်လုပ်တဲ့ လမ်းကြောင်းကတော့ ဒါပါပဲ၊ ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်နေတာ” လို့ Patra က ဆက်ပြောပါတယ်။
Patra က သင်္ဘောနာမည်နဲ့ တခြားအသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာ မတွေ့ရပါဘူး။ နယူးဒေလီမှာရှိတဲ့ အမေရိကန်သံရုံးကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးထားတာ မရှိဘူးလို့ သိရပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနဲ့ သုံးစွဲသူဖြစ်တဲ့ အိန္ဒိယဟာ ရုရှားရေနံကို အများဆုံး တင်သွင်းသူတွေထဲက တစ်နိုင်ငံ ဖြစ်လာပါတယ်။
ရုရှားဟာ အစဉ်အလာအားဖြင့် အိန္ဒိယရဲ့ စစ်ဘက်ဆိုင်ရာ စက်ယန္တရားတွေ အကြီးမားဆုံး ပံ့ပိုးနေတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယကလည်း အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ တောင်းဆိုထားပေမယ့် ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်ရန်စမှုကိုတော့ ပြစ်တင်ဝေဖန်တာတွေ မရှိဘူးလို့ သိရပါတယ်။