သန်လျင်မြို့နယ်က ဆက်သွယ်ရေးရုံး ဗုံးပစ်ခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ထမလုံရပ်ကွက်၊ဂိတ်ဝမှတ်တိုင်နားက ဆက်သွယ်ရေးရုံးကို မနေ့ည ၇ ကျော် လောက်က ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တခုက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ် ။
လုပ်ဆောင်ခဲ့သူတွေဟာ Soul Takers- Yangon Underground Force လို့ အမည်ခံထားတဲ့ အဖွဲ့ ဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
Soul Takers- Yangon Underground Force ဆက်သွယ်မေးမြန်းရာမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲထားတဲ့ နေရာဖြစ်တဲ့အတွက်လို့ အခုလို ဆက်သွယ်ရေးရုံးကို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ အဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ လေ့လာထားခဲ့တဲ့အတိုင်း အခွင့်သာတုန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ် ဖောက်ခွဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုကလည်း ဒီနေရာဟာ စကစ ရုံးဖြစ်သလို အကြမ်းဖက်စစ်တပ် အနေနဲ့လည်း တပ်စွဲထားတဲ့ နေရာဖြစ်တာကြောင့် တိုက်ခိုက်တာပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ် ။
လက်ပစ်ဗုံးဟာ ရုံးအတွင်းကို ရောက်ရှိပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို စကစဘက်က ထုတ်ပြန်ထားခြင်း မရှိသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း တိုက်ခိုက်မှု အပြီး အလျှင်အမြန်ဆုတ်ခွာလာတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဗုံးပေါက်ကွဲမှုအပြီး စစ်တပ်ဘက်က သေနတ်နဲ့ပြန်လှန် ပစ်ခံသံတွေ ထွက်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တစုံတရာ ထိခိုက်မှု မရှိဘူးလို့လည်း အဖွဲ့တာဝန်ခံက အတည်ပြုပါတယ်။
“ဘာမှပြောစရာတော့ မရှိတော့ပါဘူး။ ဒီနေ့ ဒီလိုချိန်မှာမှ ပြည်သူဘက်ကမရပ်တဲ့ ဒေါက်တိုင် စီးပွားရေးတွေ၊လူပုဂိုလ်တွေအနေနဲ့ ကတော့ အကြမ်းဖက်စစ်တပ်နဲ့ အလိုတူအလိုပါ အပေါင်းအပါတွေလို့ သဘောထားပြီး တိုက်ခိုက်သွားမှာပါပဲ”လို့ ဆိုပါတယ်။
မြို့ ပြ ပျောက်ကြားအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Soul Takers – Yangon Underground Force အနေနဲ့ ရန်ကုန်မှာ တော်လှန်တိုက်ခိုက်ရေးအရှိန်ကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ရန်ကုန်နေ ပြည်သူလူထုအနေနဲ့ သတိဝီရိယကြီးစွာ သွားလာနေထိုင်နိုင်ကြဖို့ စစ်ရေးအမိန့်ကို ဇူလိုင်လအတွင်းက ထုတ်ပြန်ထားပါတယ်။