မာလီနိုင်ငံမှာ စစ်သွေးကြွတွေရဲ့ လက်ချက်ကြောင့် လူပေါင်း နှစ်ဆယ်ကျော် သေဆုံး

Photo – Reuters

ဩဂုတ်လ ၇ ရက်နေ့က မာလီနိုင်ငံ Tessit မြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် မာလီစစ်သား ၁၇ဦးနဲ့ အရပ်သား ၄ဦး သေဆုံးခဲ့တယ်လို့ မာလီစစ်တပ်က ပြောကြား လိုက်ပါတယ်။

စစ်သား ၉ ဦးလည်း ပျောက်ဆုံးနေပြီး မော်တော်ယာဉ်နဲ့ ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ IS အဖွဲ့နဲ့ ဆက်နွှယ်ကြောင်း သံသယရှိတယ်လို့ ဩဂုတ်လ ၈ ရက်နေ့နှောင်းပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“သြဂုတ်လ ၇ ရက်နေ့ မှာ Tessit ရဲ့ စစ်တပ်ယူနစ်တွေဟာ ISGS (Islamic State in the Greater Sahara) လို့ ယူဆရတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မာလီနိုင်ငံဟာ သူ့ရဲ့အိမ်နီးချင်း ဘူကီနာဖာဆို နဲ့ နီဂါအထိ ဖြန့်ကျက်ထားတဲ့ အယ်လ်ကိုင်ဒါနဲ့ အစ္စလာမ္မစ်နိုင်ငံတော်နဲ့ဆက်နွှယ်နေတဲ့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။