မြန်အောင်မြို့နယ်က အမျိုးသမီးတဦးကို ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ ထုတ်ပြန်

ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ် ၊ ကညင်ငူ ရွာသစ်ကျေးရွာ လမ်းဆုံမှာ ကွမ်းယာရောင်းတဲ့ အမျိုးသမီးတဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်ဆိုပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့ နဲ့ ရိုးမဧရာဝတီ PDF အဖွဲ့တွေက စာထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ “စကစအား သတင်းပေးခြင်း ၊ စကစလက်ပါးစေ အဖြစ် စကစအတွက် လိုင်းကြေးများကောက်ခံ ပေးခြင်း ၊ ဖဲဝိုင်း ၊ ကြိတ်ဝိုင်းများထောင်၍ စကစအတွက် ငွေရှာပေးခြင်း ၊ ရပ်ရွာအတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်သူတို့အား သတင်းပေး၍ ဖမ်းဆီးစေခြင်းများ လုပ်ဆောင်နေသူ ဒေါ်သန္တာအား (၆.၈.၂၀၂၂)ရက်နေ့ ညနေပိုင်းတွင် သုတ်သင်ရှင်းလင်းလိုက်ကြောင်း သတင်းထုတ်ပြန်ပါသည်”လို့ ရေးသားထားပါတယ် ။
သေဆုံးသူဟာ ဟင်္သာတ – မြန်အောင် ကားလမ်းမပေါ်က ရွာသစ်လမ်းဆုံမှာ ကွမ်းယာရောင်းချသူဖြစ်ပြီး ၊ ကွမ်းယာဆိုင်နဲ့တွဲပြီး ဒေသတွင်းကားလိုင်းတွေရဲ့ ကားလက်မှတ်လည်း ရောင်းချသူဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက ကွမ်းယာဆိုင်မှာ နှစ်လုံး သုံးလုံးလဲ ရောင်းတယ် ၊ ကားလက်မှတ်လည်း ရောင်းတယ် ၊ အဲဒီညနေက ၊ ကားလက်မှတ်လာဝယ်လို့ လက်မှတ်ရောင်းနေတာ ၊ ဘောက်ချာငုံ့ရေးနေတုန်း ခေါင်းကို ပစ်သွားတယ်လို့ ကြားတယ်”လို့ပြောပါတယ်။
DNA က ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့ကို ဆက်သွယ်ပြီး သေဆုံးသူနဲ့ ပါတ်သက်ပြီး သူတို့စုဆောင်းခဲ့တဲ့ သတင်းအချက်အလက်တွေ ခိုင်မာမှု ရှိမရှိ မေးမြန်းခဲ့ပါတယ် ။ နဂါးနီအဖွဲ့ အနေနဲ့ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တာ ကြာပြီဖြစ်ပြီး သူကြောင့် (ဒေါ်စန္ဒာ) ရပ်ရွာအတွင်း စစ်အာဏာရှင် ဆန့်ကျင်သူတွေ ၊ ဖမ်းဆီးထိန်းသိမ်းခံရသလို ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိတယ်လို့ နဂါးနီအဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စနေက ပြောပါတယ်။
“သူတို့ရွာက နှစ်လုံးသုံးလုံးသမားတွေဆီက ရဲလိုင်းကြေးကို သူက ကောက်ခံပေးတယ် ၊ သူက တက်ကြွလှုပ်ရှားသူတွေကိုလည်း ရဲကိုသတင်းပေးတိုင်ကြားတယ် ၊ နောက်ပြီး အခုလို ဖြစ်စဉ်နဲ့ သူ့လုပ်ရပ်တွေကို ပြည်သူတွေကလည်း တော်လှန်ရေးအဖွဲ့ဆီ သတင်းပေးတိုင်ကြားမှုတွေ ရှိပါတယ် ၊ ဒါကြောင့် ကျွန်တော်တို့ ဒီမစ်ရှင်ကို လုပ်ရခြင်းဖြစ်တယ် ၊ အသေးစိတ်အချက်အလက်တွေကိုတော့ ပြည်သူလူထုနဲ့ မိမိတို့ တော်လှန်ရေးအဖွဲ့ဝင်မိသားစုတွေကို ငဲ့ညှာရမှာ ဖြစ်လို့ မဖြေကြားနိုင်ဘူးလို့’ DNA ကိုပြောပါတယ် ။