တပတ်တာ နွေဦးပုံရိပ်လွှာ

နွေဦးခရီးကြမ်းတလျှောက် ထောင်ချီသော နာရေး သတင်းများကို နေ့စဉ်ရက်ဆက် ကြားသိမြင်တွေ့ ခဲ့ကြရပြီးပြီ..။သည်သီတင်းပတ်အဖို့လည်း နာရေး သတင်းတခုနဲ့ပဲ နွေဦးနေ့စွဲတွေကို စလျှောက်ကြရအောင်ပါ။ ဤနာရေးတွင်တော့ ယခင်ကြားနေရမြဲ နာရေးသတင်းတွေနှင့် ကွဲပြားခြားနားမှုကို တွေ့ရမည်ဖြစ်သည်။
သတင်းခေါင်းစဉ်က ဤသို့…။ “နာရေးအိမ်ပေါ်လက်နက်ကြီးကျည်ကျ၊ကွယ်လွန်သူ၏ ခင်ပွန်း သေ ဆုံး”ဟူ၍ဖြစ်သည်။နာရေးပေါ် နာရေးထပ်ဆင့်ရသည့်အဖြစ်..။တရားခံကတော့ ပြေးကြည့်တာထက် တွေး ကြည့်တာက မှန်၏ ဆိုသော စကားအတိုင်းပင်။
ဒေါက်တာရမ်းကုမဟုတ်သော အမြှောက်ရမ်းထုတို့၏ လက်ချက်…။ဖယ်ခုံမြို့ဆင်ဖြူရွာနေ အသက်၇၀ အရွယ် ဦးဘန့်..။သူ၏ဇနီးသည် ဒေါ်မူဆွေ လူကြီးရောဂါနှင့်ကွယ်လွန် အပြီး နာရီပိုင်းခန့်အကြာတွင် ဇနီး သည်သွားနှင့်ရာ တမလွန် ခရီးသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။
စကစတို့ အကြောင်းမဲ့ ရမ်းပစ်သည့် လက်နက်ကြီးကြောင့် ဇနီးသည် နာရေးအတွက် ပြင်ဆင်နေသည့် ဦးဘန့်တယောက် သေဆုံးခဲ့ရခြင်းဖြစ်သည်။ပြည်သူ့ရင်ထဲက သူရဲကောင်းများအား အကြမ်းဖက်ဟု တွင်တွင် သုံးနှုံးနေသလောက် ကိုယ်တိုင်က ပြည်သူအပေါ် မည်မျှအထိ ယုတ်မာရိုင်းစိုင်းနေကြောင်း ဤအဖြစ်က ညွှန် ပြနေသည်။
မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်အဖွဲ့ အဖို့ ၎င်းတို့ရှင်သန်ကျန်ရစ်ရေးနှင့် နိုင်ငံ့အာ ဏာ ကို အမိအရသိမ်းပိုက်နိုင်ရေးကလွဲလျှင် မည်သည့်ထိခိုက်နစ်နာမှုကိုမျှ ထည့်မတွက်တော့သည်မှာ အထင်အ ရှား…။
ထို့ကြောင့်ပင် လူသိများထင်ရှားသော နှစ်ပေါင်များစွာ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့သူ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့မှအစပြု၍ ဦးဘန့်ကဲ့သို့ မထင်မရှား သာမန်အရပ်သားပြည်သူထောင်ချီသည်အထိ နှိပ်စက်သတ်ဖြတ်နေခြင်းဖြစ်သည်။
ဤလုပ်ရပ်များအတွက် မင်းအောင်လှိုင်အကြမ်းဖက် အဖွဲ့ ပြန်ရသည်မှာ ပြည်သူများ၏ ရွံရှာမုန်း တီး မှုနှင့် နိုင်ငံတကာ ရပ်ဝန်းဆီက ပိုမိုတင်းကျပ်လာသည့် ဖိအားများပင်ဖြစ်သည်။မိတ်ဆွေ နိုင်ငံအနည်း ငယ်နှင့် ပင်ရပ်တည်နိုင်သည်ဟု ကြွေးကြော်ခဲ့သည့် စစ်ခေါင်းဆောင်များအဖို့ လက်တွေ့တွင်လည်း ၎င်းတို့၏ မိတ်ဆွေ အဖြစ်ဂုဏ်သိက္ခာရှိရှိ ရပ်တည်ပေးနေသည့် နိုင်ငံ လက်ငါးချောင်းစာပင် မပြည့်ပေ။
ခေတ်အဆက်ဆက် စစ်အစိုးရများကို ပေါ်ပေါ်ထင်ထင် ထောက်ခံရပ်တည်ပေးခဲ့သော အာဆီယံမှာပင် စစ်ကောင်စီက လူရာသွင်းမခံရတော့။ယခုနောက်ဆုံး အခြေအနေအရ အာဆီယံက စစ်ကောင်စီကို “နေပြည် တော် အာဏာပိုင်များ”ဟုပင် သုံးနှုန်းလာပြီဖြစ်သည်။
ယခုလ ၃ရက်တွင်ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အဝည်းအဝေး ထုတ်ပြန်ချက်တွင် ထိုသို့ သုံးနှုံးဖော်ပြထားခြင်းဖြစ်သည်။ထို့အပြင် မင်းအောင်လှိုင်ကိုယ်တိုင် ကတိပြုခဲ့သည့် အာဆီယံ သဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကိုလည်း အလွန်အမင်းစိတ်ပျက်ကြောင်း ပါဝင်သည်။
အာဆီယံအလှည့်ကျ ဥက္ကဌ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးနှင့် ဖြစ်နိုင်သမျှ အစောဆုံးထိတွေ့ဆက်ဆံရန်လည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက သဘောတူ ဆုံးဖြတ်ခဲ့သည်။
ဤသဘောတူညီချက်အရ အာဆီယံသည် NUG အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လည်း ထိတွေ့ရန် တံခါးပေါက်ဖွင့်လိုက်သည့် အလားအလာဖြစ်သည်။မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟု အမည်ခံထားသော်လည်း စစ်ကောင်စီနှင့်စစ်ကောင်စီကတွေ့ခွင့်ပေးသူများနှင့်တဖက်သတ် ဆွေးနွေးနေလေ့ ရှိသော ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်အနေဖြင့် သူ၏ ခြေလှမ်းများကို မဖြစ်မနေပြင်ဆင်ရတော့မည့် အရိပ်အယောင်လည်း ဖြစ်သည်။
လက်ရှိ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ကမ္ဘာ့ အင်အားကြီးနိုင်ငံများက အာဆီ ယံကို ဗဟိုပြု၍ လှုပ်ရှားနေခြင်းဖြစ်ရာ အာဆီယံ၏ အထက်ပါ ဆုံးဖြတ်ကြေညာချက်များက စစ်ကောင်စီအဖို့ နိုင်ငံတကာ ခတ်ကွင်းထဲတွင် ထပ်တိုးလာသည့် အရေးနိမ့်မှုတခုပင်ဖြစ်သည်။
ထိုသို့ ဖိအားများ၊အခက်အခဲအကျပ်အတည်းများ ပိုတိုးလာသည်နှင့်အမျှ စစ်အုပ်စုက တိုးချဲ့ လုပ်ကို င်လာနေသည်မှာ ပြည်သူများအပေါ် ပိုမိုအကြမ်းဖက်လာခြင်းပင်ဖြစ်သည်။လတ်တလောတွင် နိုင်ငံတကာ ဖိအား မည်သို့ရှိရှိ စစ်ပွဲကို အနိုင်တိုက်နိုင်ပါက ၎င်းတို့ကိုသာ တရားဝင်အစိုးရအဖြစ် မှတ်ယူလာလိမ့်မည်ဟု စစ်ခေါင်းဆောင်တို့ တွေးဆထားပုံရသည်။
ထို့ကြောင့် မည်သည့်ဖိအားကိုမျှ ဂရုမစိုက်တော့ဘဲ နွေဦးကို အလဲထိုးနိုင်ရေးအတွက် ၎င်းတို့ကျွမ်း ကျင်သော အကြမ်းဖက်ခြင်းနှင့်ဖြတ်လေးဖြတ် ဗျူဟာများကို ပိုမိုချဲ့ထွင် လုပ်ဆောင်လာသည်။မြို့ကြီးများပင် ဟန်မဆောင်နိုင်တော့ဘဲ ၎င်းတို့ကိုမလိုလားသည့် ပြည်သူများအပေါ် ပိုမိုအကြမ်းဖက်လာသည်။
မြေအောက်တော်လှန်ရေး အင်အားစုများကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီး သတ်ဖြတ်နေသည်။ စစ်အုပ်စုလိုလားသော မြို့ပြအင်အားစုများကို ပေါ်ပေါ်တင်တင် လက်နက်များတပ်ဆင်ပေးနေသည်။ တိုက်ပွဲ များ ပြင်းထန်ရာ ဒေသများဆီသို့ ရိက္ခာ၊လက်နက်၊ဆေးဝါးများ မရောက်နိုင်စေရန် ပိတ်ဆို့ဖြတ်တောက်မှု အမျိုး မျိုး ပိုမိုတင်းကျပ်စွာ အသုံးပြုသည်။
ယုတ်စွအဆုံး ထိုဒေသများဆီသို့ စာရေး ကိရိယာများ တင်ပို့မှုကိုပင် တားမြစ်ပိတ်ပင်တာတွေ လုပ်သည်။ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် လက်ရှိ တော်လှန်စစ်ပြင်းထန်ရာ ဒေသများဆီမှလာသူများကို အလုပ်မလုပ်နိုင်တော့စေရန် ဖိအားပေးများလည်းရှိသည်။
ဖေ့ဘွတ်ခ် လူမှုကွန်ရက်တွင် ရေပန်းစားသည့် တော်လှန်ရေးကာလ ဗန်းစကား ဖြစ်သော တောင် မြန်မာ၊မြောက်မြန်မာဟူ၍ ခွဲခြားသတ်မှတ်ပြုမူခြင်းကို စစ်အုပ်စုက လက်တွေ့ စတင်လုပ်ဆောင် နေခြင်း ဖြစ်သည်။
ဤသို့ စစ်အုပ်စုက အကြမ်းဖက်ခြေလှမ်းများ အရှိန်မြှင့်လာသည့် နည်းတူ နွေဦးတို့၏ တော်လှန်စစ် အရှိန်အဟုန်ကလည်း ပိုမိုမြင့်တက်နေသည်။စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်မှုများကြားကပင် မြို့ပြ မြေအောက်လှုပ်ရှားမှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။
ပြောက်ကျား သပိတ်တွေဆက်ရှိနေသည်။စစ်အုပ်စုနှင့်ပတ်သက်လျှင် ခံပြင်းမုန်းတီးမှုနှင့် ရွှံရှာမှုကိုသာ သိမ်းဆည်းထားရသော ပြည်သူတွေလည်း ပြောက်ကျားလှုပ်ရှားမှုအချို့မှာ ပူးပေါင်းပါဝင်နေကြဆဲ။ ထောက်ပို့ သူတွေ ထောက်ပို့နေကြဆဲ…။
မြို့ပြပြောက်ကျားရဲဘော်များကလည်း အသက်စွန့်၍ တာဝန်ကျေနေကြဆဲဖြစ်၏။နွေဦးတွင် ကြယ် ကြွေအများအပြား ရှိသည့်နည်းတူ သူရဲကောင်းများစွာလည်း ဆက်လက်ပေါ်ထွန်းလာနေဆဲဖြစ်သည်။ အာဏာ ရှင်အလိုတော်ရိတို့က အာဏာရှင်တို့အလိုကျ လက်ထောက်ချသည်။
ပြည်သူများအပေါ် ဖိစီးနှိပ်စက်၏။၎င်းတို့ကောင်းမှုဖြင့် သေပွဲဝင်ခဲ့ရသော နွေဦးကြယ်တွေ မနည်း မနော။အသက်မသေသော်လည်း ဘဝပျက်ကြရသူတွေလည်း ဒုနှင့်ဒေး။ထို့ကြောင့် မြို့ပြ ပြောက်ကျား အင်အားစုတွေ ဆက်ရှိနေရသည်။
စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ကြရသလို စစ်အုပ်စုအလိုကျ နွေဦးရဲဘော်များကို စုံစမ်း ထောက်လှမ်းသတင်းယူ၊လက်ထောက်ချသူတွေကို သတိပေးရ၊တန်ပြန်တိုက်ခိုက်တာတွေလုပ်ရသည်။ ဤအခြေအနေကို အပြန်အလှန်အကြမ်းဖက် သတ်ဖြတ်မှုအဖြစ် ပုံဖော်သူတွေလည်းရှိသည်။
ဥပဒေတွေမှာပင် ကိုယ့်ကိုယ်ကိုယ်ခုခံ ကာကွယ်ပိုင်ခွင့်ဟူသော စကားလုံးရှိသည်ကို ထိုသူတို့မေ့ လျော့နေကြဟန်တူသည်။နွေဦးသည် ပြည်သူများက စသော စစ်ပွဲမဟုတ်။စစ်အုပ်စုကသာနှစ်ပေါင်းများစွာ ပြည်သူ့ဘဏ္ဍာများစွာဖြင့် ဖြည့်တင်းလာသည့် လက်နက်များကို အမှီပြု၍ ပြည်သူအပေါ် တိုက်ပွဲစခေါ် ခဲ့ ခြင်း ဖြစ်သည်။
ရင်တွင်းဆန္ဒကို ထုတ်ဖော်ပြောဆိုမိရုံမျှဖြင့် အချိန်နေရာမရွေး ဖမ်းဆီး သတ်ဖြတ်ခံနေရသည့် အခြေ အနေကြောင့်သာ ဘောပင်ကိုင်သောလက်၊ကွန်ပျူတာ ခလုတ်ကိုင်သောလက်၊ ဖုန်းမျက်နှာပြင် ပေါ်က လက်၊ဆေးထိုးအပ်ကိုင်သောလက် စသည့် ဘဝပေါင်းစုံဖြင့်ရှင်သန်နေသောလက်များက သေနတ်ကိုင်သော လက်ပိုင်ရှင်တွေအဖြစ် မဖြစ်မနေ ပြောင်းလဲခဲ့ကြရတာဖြစ်သည်။
ပြည်သူတွေအဖို့ နွေဦးသည် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နေရသော စစ်ပွဲ..။တိုင်းပြည်ကို တစစီ ချေမွနေသော အာဏာရူး စစ်အုပ်စု၏လက်တွင်းမှ လွတ်မြောက်ရေးအတွက် ရုန်းကန်နေကြသည့် တော် လှန်ရေး၊တော်လှန်စစ်သာဖြစ်သည်။
ဤတော်လှန်ရေးအတွင်း ကြွေခဲ့သော ကြယ်များကတော့ ကောင်းကင်ထက်၌ ရောက်ရှိစုစည်းနေ ကြပြီ။ထွက်သက်ဝင်သက်၏ နောက်ဆုံးအချိန်အထိ တော်လှန်စိတ်ဖြင့် တာဝန်ကျေခဲ့ကြပြီ။နွေဦး၏ လမ်းဆုံး ပန်းတိုင်အထိ ဆက်လက်အရောက်ချီတက်ရန်မှာ ကြွေချိန်မတန်သေး၍ ရှင်ကျန်နေခဲ့ကြသူတို့၏ တာဝန်….။