ခရိုအေးရှားမှာ ဘတ်စ်ကားတိမ်းမှောက်လို့ ပိုလန်နိုင်ငံသား ဆယ့်နှစ်ဦး သေဆုံး

Photo – Reuters

သြဂုတ် ၆ ရက်က ခရိုအေးရှားနိုင်ငံ Varazdin မြို့အနီးမှာ ဘုရားဖူးခရီးသည် အပြည့်တင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ လမ်းချော်ပြီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ယာဉ်မတော်တဆမှုဟာ ခရိုအေးရှားအနောက်မြောက်ပိုင်းရှိ Varazdin နဲ့ Zagreb မြို့အကြား အဝေးပြေးလမ်းမပေါ်မှာ မနက် ၅ နာရီ ၄၀ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ခရိုအေးရှားကျန်းမာရေးဝန်ကြီး Vili Beros ကတော့ လူ ၁၉ ဦးက ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ပြောပါတယ်။

ပိုလန်နိုင်ငံခြားရေးဌာနရဲ့ လက်ထောက်အကြီးအကဲ Marcin Przydacz က ယာဉ်တိမ်းမောက်မှုဖြစ်တဲ့နေရာကို သွားရောက်ခဲ့ပြီး ဒဏ်ရာရသူတွေကို ခရိုအေးရှားရှိ ဆေးရုံငါးရုံမှာ ကုသပေးနေတယ်လို့ ပြောကြားထားပါတယ်။

ဘုရားဖူးခရီးသည်တွေဟာ ပိုလန်ကနေ ဘော့စနီးယားတောင်ပိုင်းရှိ ရိုမန်ကက်သလစ်ဘုရားကျောင်း တစ်ခုဖြစ်တဲ့ Medjugorje ကို သွားကြတာဖြစ်ပြီး ကားပေါ်မှာ ပိုလန်ဘုရားဖူး ၄၄ ဦး လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘုန်းကြီး ၃ ပါးနဲ့ သီလရှင် ၆ ပါး ပါဝင်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မီးသတ်သမားနဲ့ ဆေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ကြပြီး ရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။