ကလေး-တမူး ကားလမ်းမှာ မိုင်းဆွဲခံရပြီး စစ်အုပ်စုက အများအပြားသေကြေဒဏ်ရာရ

photo ကလေးခရိုင်မြောက်ပိုင်းတပ်ဖွဲ့

သြဂုတ်လ ၄ ရက်နေ့ ၊ နေ့လည်ပိုင်းမှာ တမူးဘက်ကနေ ကလေးဘက်ကိုလာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဥ်တန်းကို ၅၅ မိုင်ရွာအနီးမှာ ဒေသခံပူးပေါင်းအဖွဲ့တွေက အလုံးသုံးဆယ်ပါ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးမြို့နယ်မြောက်ပိုင်းက ရာဇသဂြိုလ်ရွာသားတစ်ဦးက DNA ကိုပြောပါတယ်။

ကျနော်တို့ရွာလမ်းခွဲကျော်ပြီး နှစ်မိုင်ဝန်းကျင်လောက်မှာဖြစ်တာ။ ပေါက်ကွဲသံတွေ တပြုံကြီးကိုကြားလိုက်ရတာ။ မိလို့ကတော့ အများကြီးသေမှာသေချာတယ်။

ဟိုတ​လောလေးက ကလေးဘက်ကလာတဲ့ကားတွေကို မိုင်းဆွဲတဲ့နေနဲ့သိပ်မဝေးဘူး။ ခုဆွဲခံရတာက တမူးဘက်ကလာတဲ့ကားတန်း။ အဲ့နားလမ်းဘေးတစ်ဝိုက်တော့ လူတွေမနေကြတော့ဘူး” လို့ ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်တန်းဟာ တမူးဘက်ကနေ ကလေးဘက်ကို မိုင်းရှင်းဖို့လာတာဖြစ်ပြီး KPDF ကလေးခရိုင် မြောက်ပိုင်းတပ်ဖွဲ့၊CDF-Tonzang တပ်ဖွဲ့၊PDF-ရာဇဂြိုလ်တပ်ဖွဲ့တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDF-Tonzang အဖွဲ့က ထုတ်ပြန်ပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံးနိုင်​ပြီး  ​ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို နေ့လယ် ၁ နာရီခွဲ ဝန်းကျင်မှာ ကလေးမြို့ဘက်ကနေ ကားတွေနဲ့လာရောက်တိုက်ယူသွားတယ်လို့ CDF-Tonzang ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုထန်ဆွင်းမုန်က ဆိုပါတယ်။ ထိခိုက်သေဆုံးမူစာရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

ခုညနေပိုင်းမှာ လေယာဥ်ကွင်းကနေ ခြေလက်ပြတ်နေတဲ့သူတွေကို ကားနဲ့ပြန်တင်သွားတယ်။ လှမ်းမြင်ရတာကို ပျို့တက်ချင်စရာပါ။ ရာဇဂြိုလ်ဘက်မှာ မိုင်းမိခဲ့တဲ့ဟာတွေနေမှာ။ ဒီမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ ဒဏ်ရာရတဲ့သူများလို့ လေယာဥ်နဲ့ အောက်ပိုင်းကိုပို့ဖို့ထင်တယ်။ အဲဒါပို့ဖို့အဆင်မပြေလို့ ကုတင်တစ်ရာဘက်ကို ပြန်သယ်တာနေမှာ” လို့ ကလေးမြို့ခံတစ်ဦးက သတင်းပေးပါတယ်။

 

ကလေးမြို့နယ်တောင်ပိုင်းရော၊ ​မြောက်ပိုင်းပါ သြဂုတ်လဆန်းကတည်းက တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ကလေး- တမူးလမ်းကို သွားလာချိန်ကန့်သတ်ထားပြီး၊ ကလေး – ဂန့်ဂေါလမ်းကို လုံးဝသွားလာခြင်းမပြုဖို့ ဒေသခံ ကာကွယ်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

(ပုံဟောင်းကို အသုံးပြုထားပါသည်)