တမူးမြို့နယ်မှာ စစ်ဘေးရှောင်တစ်ဦး ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

Photo- CJ
တမူးမြို့နယ်၊မန်းမော်ကျေးရွာအနီးမှာ သြဂုတ်လ ၂ ရက်နေ့က လက်ပြန်ကြိုးတုတ်ခံထားရပြီး ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ စစ်ဘေးရှောင်တစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
အသတ်ခံသူမှာ ဦးညီညီဆိုသူဖြစ်ပြီး ပန်းသာရွာကနေ အင်ဒိုင်းကျေးရွာမှာ စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ပန်းသာဖြစ်မှာ တိုက်ပွဲတွေဖြစ်ကတည်းက မိသားစုလိုက် အင်ဒိုင်းကျေးရွာမှာလာပြီး စစ်ဘေးရှောင် နေတာ။ မိသားစုစားဝတ်နေရေးအတွက် တမူးမြို့ကိုသွားပြီး ရွှေလံဘို ငြုပ်သီးသွားသွားရောင်းတယ်။ ငြုပ်သီးရောင်းပြီးပြန်အလာ အသတ်ခံရတာ။ ဖြစ်တာက ဇူလိူင်လ ၃၁ ရက်နေ့ကပါ။
အလောင်းကတော့ မနေ့ကမှ တွေ့တာပေါ့။ ဖြစ်တဲ့နေ့က သူ့မိန်းမနဲ့ဖုန်းအဆက်သွယ်ရသေးတယ်ပြောတယ်။ မလာနိုင်လို့ မိန်းမကထပ်ဆက်တော့ အခြားတစ်ယောက်ကိုင်ပြီး စက်ပိတ်သွားတာ” လို့ ပြောပါတယ်။
တမူးမြို့ဝန်းကျင်ဟာ စစ်ရေးတင်းမာနေတဲ့အတွက် ပန်းသာ၊ မန်းမော်နားတဝိုက်ဟာ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်တွေရှိတတ်တဲ့ နေရာဖြစ်တယ်လို့ တမူးဒေသခံတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။
ဦးညီညီဟာ တောထဲက ကွင်းလမ်းကို အသုံးပြုပြီးသွားလာရာမှာ အသတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပေမယ့် ဘယ်သူ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ရုပ်အလောင်းကို တမူးနာရေးကူညီမူအသင်းကားနဲ့ သွားရောက်သယ်ဆောင်ပြီး အင်ဒိုင်းကျေးရွာသုသာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
ဦးညီညီဟာ အသက်( ၃၃) နှစ်အရွယ်ရှိပြီး သေဆုံးချိန်မှာ ဇနီးနဲ့ သမီးတစ်ယောက်ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။