ထိုင်ဝမ်ရေပြင်မှာ အမေရိကန်စစ်သင်္ဘောတွေ ကြိုတင်နေရာယူထား(တရုတ်ကို ထောက်ခံတယ်လို့ ပူတင်ပြော)

Photo- Reuters
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာပဲ မလေးရှားကို ရောက်ရှိလာပြီးနောက် ထိုင်ဝမ်ကို ဆက်လက်ထွက်ခွာလာနေပါတယ်။
တချိန်တည်းမှာပဲ သူ့ရဲ့လုံခြုံရေးအတွက် ထိုင်ဝမ်အရှေ့ဘက်ပင်လယ်ပြင်မှာ လေယာဉ်တင်သင်္ဘောတစီး အပါအဝင် အမေရိကန်စစ်သင်္ဘောလေးစီး နေရာယူထားပါပြီ။
တချိန်တည်းမှာ ထိုင်ဝမ် ရေလက်ကြားရဲ့ အလယ်ဗဟိုမျဉ်းအနီးကို တရုတ် စစ်လေယာဉ် အများအပြား ပျံသန်းနေခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောထားတယ်လို့လည်း သိရပါတယ်။
ထိုင်ဝမ်ကိုသွားရင် စစ်ရေးအရ လက်တုန့်ပြန်သွားမယ်လို့ တရုတ်တို့က အကြိမ်ကြိမ် သတိပေး တားမြစ်နေတဲ့ကြားက နန်စီပယ်လိုစီ ထိုင်ဝမ်ကို သွားရောက်တာ ဖြစ်ပါတယ်။
တရုတ်ဟာက ထိုင်ဝမ်ကို သူ့ရဲ့သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ပြီး တခြားနိုင်ငံတွေနဲ့ တရားဝင် သံတမန်ဆက်ဆံရေးမလုပ်ဖို့ တားမြစ်ထားတာကြောင့် နန်စီ ပယ်လိုစီဟာရဲ့ အငြင်းပွားဖွယ် ထိုင်ဝမ်ခရီးစဉ်ကိုလည်း အဓိကရန်စမှုအဖြစ် ရှုမြင်ကြောင်း ထပ်ခါတလဲလဲ သတိပေးနေခဲ့တာပါ။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး “မီးနဲ့ကစား” နေတဲ့ အမေရိကန် နိုင်ငံရေးသမားတွေဟာ အဆုံးသတ် မကောင်းနိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီကနေ့ ဩဂုတ်လ ၂ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံရေးသမားလို့ ပြောရာမှာ ဘယ်သူဆိုတာကိုတော့ နိုင်ငံခြားရေးဝမ်ယီက ထည့်မပြောခဲ့ပါဘူး။
နန်စီ ပယ်လိုစီရဲ့ ခရီးစဉ်မတိုင်မီ ထိုင်ဝမ်ရေလက်ကြားမှာ နှစ်ဘက်စလုံး စစ်ရေးလှုပ်ရှားမှု လက္ခဏာတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မတိုင်မီမှာပဲ မနေ့က တရုတ်က ထိုင်ဝမ်အစားအသောက်တင်ပို့တဲ့ လုပ်ငန်း ၂၀၀၀ ကျော်ကို တင်သွင်းခွင့်ရပ်ဆိုင်းပစ်လိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း တရုတ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်းနဲ့ အခုလို ရန်စတဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ ဘေကျင်း ထိပ်တိုက်တွေ့မယ့် လမ်းကြောင်းပေါ် ကျရောက်စေလိမ့်မယ်လို့ ဒီကနေ့မှာ ပြောထားပါတယ်။
တရုတ်ပြည်တွင်းစစ်အတွင်း အဲဒီအချိန်က တရုတ်ခေါင်းဆောင် ချန်ကေရှိတ်နဲ့တကွ သူ့ရဲ့ စစ်တပ်တွေက မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်တွေကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ချန်ကေရှိတ်နဲ့အတူ သူ့ရဲ့ ကူမင်တန်အစိုးရ လက်ကျန် အဖွဲ့ဝင်တွေဟာ ၁၉၄၉ မှာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။