ရေဖြူမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာအနားမှာ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းက ကား ၅စီးခန့် ပါဝင်တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀လောက် သေဆုံး ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
“ညမှောင်ချိန်ဆိုတော့ ကျွန်တော်တို့ဘက်က အသာစီးနဲ့ မိုင်းဆွဲဖောက်ခွဲပြီး ကားတွေထိုးရပ်တာနဲ့ ၄၀မမ ပစ်ထည့်ပြီး တစ်ရပ်စပ် ထိုးစစ်ပစ်ခတ်ရတဲ့ အခွင့်ရေးရသွားပါတယ် ။အဲဒါကြောင့် အယောက် ၃၀သေပြီး ကျန်တဲ့ သူတော်တော်များ ဒဏ်ရာနဲ့ စစ်တပ်ဆေးရုံမှာ ကုသနေရတာ သိရပါတယ်” လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းဟာ ဧကနိ ကျေးရွာက လူနေအိမ်တစ်လုံး၊ ခမောင်းချောင်းကျေးရွာက လူနေအိမ် ၄ လုံး မီးရှို့ဖျက်စီးခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ပြီး ပြန်ထွက်လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ သြဂုတ်လ ၁ ရက်နေ့ကလည်း စစ်ယာဉ်တန်း တစ်ခုကို မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့် နည်းစနစ်ချို့ယွင်းမှုကြောင့် မတိုက်ခိုက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်တဲ့စစ်ဆင်ရေးတွေကို Laumglone People’s defense Force – LLPDF ၊ Dawei Guerrilla Revolutionary Force – DGRF (ထားဝယ် ပကဖ)၊ နဲ့ T-PDF အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက် တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။