အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ မျောက်ကျောက် ဗိုင်းရပ်စ် ပျံ့နှံ့မှု မြင့်မားလာတာကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ဇူလိုင်လ ၃၀ရက်နေ့မှာ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။
မြို့တော်ဝန် Eric Adamsနဲ့ ကျန်းမာရေးကော်မရှင်နာ Ashwin Vasanတို့က ဇူလိုင်လ ၃၀ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
အဲဒီကြေငြာချက်မှာ မြို့တော်နေထိုင်သူ ၁ သိန်းခွဲဟာ ရောဂါကူးစက်နိုင်တယ်လို့ ဖော်ပြထားပြီး တာဝန်ရှိသူတွေဟာ မြို့နယ်ကျန်းမာရေး စည်းမျဉ်းတွေရဲ့အောက်မှာ အရေးပေါ်အမိန့်တွေ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ပျံ့နှံ့မှုကို နှေးကွေးအောင် ကူညီဆောင်ရွက်ဖို့ အစီအမံတွေကိုလည်း အကောင်အထည်ဖော်ဖို့ ဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
နယူးယောက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ပြုစုထားတဲ့ အချက်အလက်တွေအရ ဇူလိုင်လ ၂၉ရက်နေ့အထိ နယူးယောက်မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုပေါင်း ၁,၃၄၅ ခုကိုမှတ်တမ်းတင်ထားပြီး ကယ်လီဖိုးနီးယားမှာတော့ ၇၉၉ ခုနဲ့ ဒုတိယအများဆုံးဖြစ်နေပါတယ်။
မေလကစတင်ပြီး နိုင်ငံပေါင်း ၈၀ နီးပါးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၂၂,၀၀၀ ကျော်ရှိခဲ့ပြီး အာဖရိကမှာ သံသယရှိသူ ၇၅ ဦးခန့် သေဆုံးခဲ့ပါတယ်။ အများစုကတော့ နိုင်ဂျီးရီးယားနဲ့ ကွန်ဂိုတို့က ဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင် ၂၃ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
ဇူလိုင်လ ၂၉ရက်နေ့မှာ ဘရာဇီးနဲ့ စပိန်တို့က မျောက်ကျောက်ရောဂါနဲ့ ဆက်နွှယ်တဲ့ သေဆုံးမှုသတင်းကို အာဖရိကပြင်ပမှာ ပထမဆုံးအစီရင်ခံခဲ့ပါတယ်။ စပိန်နိုင်ငံမှာတော့ ဇူလိုင်လ ၃၀ရက်နေ့က မျောက်ကျောက်ရောဂါနဲ့ ဒုတိယမြောက် ထပ်မံသေဆုံးခဲ့ပါတယ်။
မျောက်ကျောက်ရောဂါဟာ အမျိုးသားနဲ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားမှာသာ ကူးစက်နိုင်တယ်လို့ အဓိကထား ပြောဆိုနေပေမယ့် အရေပြားချင်း ထိတွေ့မှုအပြင် အရေပြားနဲ့ ထိတွေ့ခဲ့တဲ အိပ်ယာတွေ မျက်နှာသုတ်ပဝါတွေနဲ့ အဝတ်အစားတွေ မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်ပျံ့နှံ့နိုင်တယ်လို့ သိရပါတယ်။