ဥရောပမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးလူသေဆုံးမှုကို စပိန်နိုင်ငံ ထုတ်ပြန်

Photo – AFP

စပိန်ဟာ သူ့နိုင်ငံတွင်းမှာ ပထမဆုံး မျောက်ကျောက်ရောဂါနဲ့ ဆက်နွှယ်တဲ့သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင်လ ၂၉ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အခုလို စပိန်မှာ မျောက်ကျောက်ရောဂါနဲ့သေဆုံးတာဟာ ဥရောပမှာ ပထမဆုံးသေဆုံးတာလို့ ယူဆရပြီး လက်ရှိရောဂါဖြစ်ပွားနေတဲ့ အာဖရိကရဲ့ပြင်ပမှာ ဒုတိယမြောက်သေဆုံးမှုလို့လည်း ယူဆလို့ရပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၅ ဦးသာရှိပြီး အားလုံးက အာဖရိကဒေသမှာပဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် WHO ဟာ ပြီးခဲ့တဲ့ ၂၃ရက်နေ့မှာ  လျင်မြန်စွာပြန့်ပွားနေတဲ့ မျောက်ကျောက်ကူးစက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး သူ့ရဲ့အမြင့်ဆုံး သတိပေးချက် အဆင့် အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

WHOရဲ့ နောက်ဆုံးအစီရင်ခံစာမှာတော့ စပိန်ကျန်းမာရေးဝန်ကြီးဌာနက တိုင်းပြည်အတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၄,၂၉၈ ခုကိုအတည်ထားပြီးပါပြီ။ ရရှိထားတဲ့ အချက်အလက်တွေအရ လူနာ ၃,၇၅၀ မှာ ၁၂၀ကို ဆေးရုံတင်ထားရပြီး တစ်ဦးသေဆုံးထားတယ်လို့ ဖော်ပြထားပါတယ်။