အီရန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာ

Photo – Google

အီရန်နိုင်ငံတစ်ဝှမ်း အခုသီတင်းပတ်အတွင်း မြေပြိုမှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၅၃ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံမှာ ဖော်ပြထားပါတယ်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် တီဟီရန်အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဘက်ရှိ ရွာနှစ်ရွာမှာ လူပေါင်း ၃၀ကျော် သေဆုံးခဲ့ပြီး တခြားပြည်နယ် ၈ခုမှာလည်း လူ၂ ဒါဇင်နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုထဲက ၁၈ ခုမှာ မြို့ရွာပေါင်း ၄၀၀ ခန့်ဟာ နှစ်ရက်ကြာ ရေလွှမ်းမိုးခံခဲ့ရပြီး လူ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အဝေးပြေးလမ်းတွေကိုလည်း ပိတ်ထားခဲ့ရတယ်” လို့ လခြမ်းနီအသင်းမှ အရေးပေါ် စစ်ဆင်ရေး အကြီးအကဲ Mehdi Valipour က နိုင်ငံပိုင်ရုပ်သံကို ပြောထားပါတယ်။

မိုးရွာသွန်းမှု လျော့ကျသွားပြီးတဲ့နောက် အနည်းဆုံး လူ ၁၆ ဦး ပျောက်ဆုံးနေပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတာကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုထက်ပိုတိုးလာနိုင်ပါတယ်။

စစ်သားတွေလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး လူထောင်ပေါင်းများစွာကို ဝေးလံခေါင်သီတဲ့ဒေသကနေ ဘေးကင်းတဲ့နေရာတွေဆီ ပြောင်းရွှေ့ကူညီပေးခဲ့တယ်လို့ အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။

ဇူလိုင်၂၉ရက်နေ့မှာ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ နေရာကတော့ မြို့တော် တီဟီရန် အရှေ့မြောက်ဘက် အယ်လ်ဘော့ဇ် တောင်ခြေရင်းမှာရှိတဲ့ Firouz Kooh မြို့ဖြစ်ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ တီဟီရန် အုပ်ချုပ်ရေးမှူး Mohsen Mansouri က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကလည်း အီရန်နိုင်ငံရဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံနေရတဲ့ တောင်ပိုင်း Fars ပြည်နယ်မှာ လျှပ်တပြက်ရေကြီးခဲ့တာကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ပြည်နယ်အတွင်းရှိ ရွာတစ်ဒါဇင်ခန့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

အခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အီရန်ရဲ့ မိုးနဲ့ဆက်စပ်ပြီး ထိခိုက်ခဲ့တဲ့ဖြစ်ရပ်တွေထဲမှာ လူအသေအပျောက်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။