အခက်အခဲတွေကြားက ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ဆက်လက်တော်လှန်

ဒီနေ့ ဇူလိူင်လ ၃၀ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ” ညီညွတ်မှ ပြည်သစ်ရမယ်။ ဘုံရန်သူကိုမမေ့ကြနဲ့ ” စာတန်းကိုင်စွဲပြီး ၅၃၈ ရက်မြောက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီရက်ပိုင်းအတွင်း ကလေးမြို့အတွင်းမှာ ဖမ်းဆီးမူတွေ အဆမတန်များပြားခဲ့တာကြောင့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ သပိတ်ကော်မတီတွေက ပြောပါတယ်။ ဇူလိူင်လ ၂၈ ၊ ၂၉ မှာ တော်လှန်ရေးရန်ပုံငွေဖုန်းကံစမ်းမဲရောင်းတဲ့ လူငယ်တစ်ဦးနှင့် ဆက်စပ်ပြီး ကလေးမြို့မှာ လူအများအပြား ဖမ်းဆီးခံခဲ့ရတာပါ။
“နေစရာမရှိလို့ လိုက်ရှာနေရတယ်။ အိမ်ရှင်ကလည်းမထားရဲတော့ဘူး။ တစ်ဦးတစ်ယောက်ချင်းအတွက်နေရာမရှားပေမယ့် သပိတ်လုပ်ချင်လို့သာ အခက်တွေ့နေတာ။
၂ ရက်အတွင်းမှာ ၇၀ ကျော်ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ထဲမှာ ကျမတို့နေရာကို သိတဲ့လူတွေပါတယ်။ သူတို့တွေဆက်ဖော်ကြရင် နောက်ထပ်ဖမ်းဆီးခံရမယ့်သူတွေတိုးလာနိုင်တယ်” လို့ အမျိုးသမီး သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“သပိတ်အဖွဲ့တွေအနေနဲ့ ရှောင်တိမ်းစရာနေရာ ခက်ခဲတာတော့အမှန်ဗျ။ မြို့နဲ့လဲအဆက်သွယ်လုံးဝဖြတ်ထားလို့မရတဲ့အနေထားမှာ လက်ခံထားပေးတဲ့သူကလုံခြုံရေးအတွက်သပိတ်အဖွဲ့ကိုပေးမထားရဲတာတွေရှိတယ်။ နေထိုင်ရေး၊စားဝတ်နေရေး၊အစစအရာရာခက်ခဲလာတော့ အားတော့ငယ်မိတယ်ဗျ ။ အားတော့မလျော့ဘူး။
ရအောင်ဖန်တီးမယ်။တော်လှန်ရေး အောင်မြင်တဲ့အချိန်ထိ သွားမှာမို့ ဘယ်လိုအခက်ခဲမဆို ကျော်ဖြတ်မယ်။ ဘယ်လိုပဲခက်ခဲနေပါစေ ပြည်သူတွေမှာ ပြည်သူတွေပဲရှိတာမို့ ခံပြင်းစိတ်နဲ့ နှစ်ဆပိုတော်လှန်မယ်” လို့သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။