စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်တဲ့ လုပ်ရပ်အပေါ် ကမ္ဘာက ကန့်ကွက်ရှုတ်ချ

“အကြမ်းဖက်လုပ်ရပ်” တွေကို ကူညီပေးတယ်လို့ စွပ်စွဲခံထားရတဲ့ လွှတ်တော်အမတ်ဟောင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတို့အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသားဟောင်း ၂ ဦးတို့ကို မြန်မာ့အာဏာသိမ်းစစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ဦးအောင်သူရဇော် ဦးလှမျိုးအောင်တို့ကို လုပ်ထုံးလုပ်နည်းအတိုင်း ပြစ်ဒဏ်စီရင်လိုက်ပြီလို့ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပြီး ခုလိုသေဒဏ်စီရင်တာဟာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပြီးရင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးဖြစ်ပါတယ်။
အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ ကမ္ဘောဒီးယားနဲ့ ကုလသမဂ္ဂကျွမ်းကျင်သူတွေ အပါအဝင် ကမ္ဘာတစ်ဝှမ်းက ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုလို စီရင်တာကို အစိုးရပိုင်ကြေးမုံသတင်းစာမှာ ထုတ်ပြန်ကြေငြာခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီရဲ့ အခုလိုဥပဒေမဲ့သတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “မြန်မာနိုင်ငံမှာ အရင်ကတည်းက လူ့အခွင့်အရေး အခြေအနေတွေ ယိုယွင်းနေတာပါ၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်” လို့ ပြောဆိုထားပါတယ်။
ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား ၊ နယူးဇီလန်၊ ဗြတိန်နဲ့အမေရိကန်တို့ကလည်း အခုလို စီရင်တာကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။
“မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီလိုလားသူနဲ့ အတိုက်အခံခေါင်းဆောင်တွေကို ဥပဒေမဲ့ သတ်ဖြတ်တာဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို စစ်အစိုးရရဲ့ လျစ်လျူရှုမှုကို သာဓကဖြစ်စေတဲ့ ရှုတ်ချဖွယ်အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်”လို့ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ Thomas Andrews ကလည်း နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို တောင်းဆိုလိုက်ပါတယ်။
“မြန်မာတွေနဲ့ လူ့အခွင့်အရေးနဲ့ထိုက်တန်တဲ့ အာဇာနည်တွေကို စစ်အစိုးရက သေဒဏ်စီရင်တဲ့ သတင်းအတွက် ဒေါသထွက်ပြီး ကြေကွဲဝမ်းနည်းမိပါတယ် ၊ ဒီပုဂ္ဂိုလ်တွေကို အယူခံပိုင်ခွင့်မရှိဘဲ ဥပဒေအကြံပေးမပါဘဲ စစ်ခုံရုံးက စစ်ဆေးတယ် ပြီးတော့ ပြစ်ဒဏ်ချမှတ်တယ်၊ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်လိုက်တာပဲ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“၅၅ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေး မတိုင်မီ တစ်ပတ်အလိုမှာ ခုလိုသေဒဏ်စီရင်တာဟာ အင်မတန် ပြစ်တင်ရှုတ်ချစရာ ဖြစ်ပါတယ်၊ အာဆီယံရဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပံ့ပိုးပေးဖို့ စစ်အစိုးရမှာ ဆန္ဒမရှိဘူးဆိုတာကို ပြသလိုက်တာပဲ” လို့ အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားကလည်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ သေဒဏ်တရားစီရင်ရေးကတော့ အာဏာရှင် ဦးနေဝင်း ဦးဆောင်တဲ့ အရင်စစ်အစိုးရလက်ထက် ၁၉၇၆ ခုနှစ်မှာ နိုင်ငံရေးပြစ်မှုကျူးလွန်သူလို့ စွပ်စွဲပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။
Human Rights Watch ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၁၁၄ ဦး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။