မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်တပ်၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဆယ်ကျော်သေ

မြင်းမူမြို့၊ ဂွေးပင်တောကျေးရွာ၊ ဘိုးမင်းကြီးကင်းကျေးရွာကြားနဲ့ အလ္လကပ္ပ ကျေးရွာကြားမှာ မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဇူလိုင် ၂၅ ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၂၀ ဦးခန့်သေဆုံးနိုင်တယ်လို့ Black Eagel Defense Force – MMU အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“အကျအရှူံးကတော့ မနေ့က စကစ လမ်းကြောင်းရှိတဲ့အတွက် ကင်းပုန်းတွေချ မိုင်းရှာဖွေရေး တပ်သားတစ်စု မိုင်းရှာရင်း အဆွဲခံလိုက်ရာမှာ နှစ်ပွိုင့်ပေါင်း ၂၀ လောက်ကျဆုံးခန့်မှန်းရပါတယ်ဗျ” လို့ဆိုပါတယ်။
ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ဂွေးပင်တောကျေးရွာနဲ့ ဘိုးမင်းကြီးကင်းကျေးရွာကြားမှာတော့ ပဒေသာ မိုင်း ၁၀ လုံး၊တစ်ဖက်ပွင့် ပြောင်း ၁၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဘိုးမင်းကြီးကင်းကျေးရွာနဲ့ အလ္လကပ္ပ ကျေးရွာအကြားမှာတော့ ကင်းပုန်းဝပ်နေရာယူဖို့လာတဲ့ အကြမ်းဖက်တပ်သား ၅ ဦးဟာ မိုင်းကွင်းပေါ်မှာ ရပ်နေချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ မြင်းမူမြို့ပေါ်ကို စစ်ကြောင်းထိုးပြီး အလ္လကပ္ပကျေးရွာမှာ တပ်စွဲကာ လှုပ်ရှားသွားလာမှုတွေအမြဲရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။
“အဓိကလမ်းမကြီးပေါ် လမ်းကြောင်းအမြဲရှိနေတဲ့အတွက် လမ်းဘေးလမ်းမဝဲယာတလျှောက် နယ်ခံပျူတွေနဲ့ပေါင်းပြီး ဒေသခံတွေကိုအမြဲ စစ်ဆေးဖမ်းဆီးနေဆဲပါဗျ“ လို့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့က ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုတွေကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) က ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စတဲ့ ညီနောင် မဟာမိတ် ( ၅ ) ဖွဲ့ တို့က ပဒေသာမိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ မြင်းမူမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်စီးတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူ ရာနဲ့ချီ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။