ဒီည ရန်ကုန်မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ပွဲမှုတွေဆက်တိုက် ဆိုသလိုဖြစ်ပေါ်နေပြီး တချို့မြို့နယ်တွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေဟာ ဒီနေ့ဇူလိုင် ၂၆ရက် ဒီနေ့ ညနေပိုင်းကနေစတင်ဖြစ်ပွားခဲ့တာပါ။ ရွှေပြည်သာ၊မရမ်းကုန်း၊လှိုင်၊လှိုင်သာယာမှာ ဖြစ်ပွားခဲ့ပြီး တခြားမြို့နယ်တွေမှာတော့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှာတော့ ဒီနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က အမှတ် ၆ ရပ်ကွက်၊ ရွှေညာမောင်မှတ်တိုင်အနီးက ရွှေပြည်သာမြို့နယ်တရားရုံးဖောက်ခွဲခံခဲ့ရတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်ကြောင့် အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ အရပ်ဝတ်လက်နက်ကိုင်တချို့က လမ်းပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်နေတဲ့အပြင် ထန်းခြောက်ပင်လမ်းဆုံအနီး သန်လွင်လမ်းထိပ်မှာတော့ ပြည်သူ ၆ဦးကို ဒူးထောက်ခိုင်းပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ ရွှေပြည်သာ၊ထန်းခြောက်ပင်လမ်းဆုံနားမှာ ဒီကောင်တွေစစ်နေတာ။ လာသမျှလူရော၊ကားရော စစ်နေတာ။လူ ၆ယောက်လောက်ကိုတော့ ဖမ်းထားပြီး ၊ဒူးထောက်ခိုင်းပြီး၊ရိုက်နှက်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာတော့ ဆယ်မိုင်ကုန်းဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လှိုင်မြို့နယ်၊ပါရမီလမ်းမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပါရမီလမ်းရဲ့ပေါက်ကွဲမှုဖြစ်စဥ်နေရာကိုရောက်ရှိစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်၊မြို့နယ်တရားရုံးအနီးက ချောင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်က ဗုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
(ပုံအဟောင်းကို အသုံးပြုထားပါသည်)