အယ်ဒီတာ့ အာဘော်

လူ့အဖွဲ့အစည်း အပြောင်းအလဲအတွက် အနာဂတ်ကို စနစ်တကျ မြော်မြင်ကြရန်
၁။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းဟာ – နိုင်ငံရေးစနစ်တစ်ခုတည်းကို ဗဟိုပြုပြီး တည်ဆောက်တာမျိုး လုပ်လို့ မရပါဘူး။ လူမှုအဆောက်အအုံပိုင်း တစ်စုံလုံးကို ခြုံငုံသိုင်းဝိုင်းပြီး အမြော်အမြင်ရှိရှိ တည်ဆောက်မှ အနာဂတ်လားရာ ကောင်းမွန်ပါလိမ့်မယ်။ နိုင်ငံရေးစနစ်တိုင်းဟာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ လူ့ဘောင်သစ်ကို တည်ဆောက်တဲ့နေရာမှာ (သို့မဟုတ်) တိုင်းပြည်တစ်ခု တည်ဆောက်ရာမှာ – အလွှာ (၃) ခု ၊ အပြောင်းအလဲ သုံးပါးနဲ့ ပိုင်းခြားကြည့်မြင်ရပါလိမ့်မယ်။
(က) အစိုးရ အပြောင်းအလဲ
(ခ) စနစ် အပြောင်းအလဲ နဲ့
(ဂ) လူမှု အပြောင်းအလဲ ဆိုတဲ့ အချက်သုံးချက် ဖြစ်ပါတယ်။
၂။ လူထုရဲ့ အမြင်အယူအဆဟာ အစိုးရ အပြောင်းအလဲ ဖြစ်ရုံတစ်ခုတည်းအပေါ်မှာသာ ကျောက်ချ ရပ်တန့်နေလို့ မရပါဘူး။ စနစ်အပြောင်းအလဲအတွက် ရှေ့ရှု ဖြည့်ကျင့်ရမှာတွေ ရှိနေပါတယ်။ ထိုနည်းလည်းကောင်း စနစ် အပြောင်းအလဲဟာ လူမှုအပြောင်းအလဲကို ကျေးဇူးပြုထောက်ပံ့ရပါလိမ့်မယ်။ လူမှုအပြောင်းအလဲဖြစ်ဖို့ အတွက် လူ့အဖွဲ့အစည်းတွင်းက အမူအကျင့်အပြောင်းအလဲနဲ့ အတွေးအခေါ် အပြောင်းအလဲကို ဗဟိုပြုရပါလိမ့်မယ်။
၃။ လူ့အဖွဲ့အစည်းတွင်းက လူတစ်ဦးချင်းစီ၊ လူတစ်ယောက်ချင်းစီရဲ့ အမူအကျင့်နဲ့ အတွေးအခေါ် အပြောင်းအလဲကို လုပ်ဆောင်ရာမှာ စာ-နယ်-ဇင်းတွေရဲ့ အခန်းကဏ္ဍ၊ စာပေအနုပညာ ယဉ်ကျေးမှုရဲ့ အခန်းကဏ္ဍ၊ ပညာရဲ့ အခန်းကဏ္ဍ အပါအဝင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍဟာ ကြီးမားစွာ ပါဝင်သက်ရောက်နေပါတယ်။ အထူးသဖြင့် ၎င်းနယ်ပယ်တွေထဲက လူထုပညာတတ်တွေရဲ့ အမြော်အမြင် နက်ရှိုင်းမှုနဲ့ သဘောထားကျယ်ပြန့်မှုဟာ တဖြည်းဖြည်းချင်းနဲ့ လူ့အဖွဲ့အစည်းကို ပုံသွင်းတာကို တွေ့ရပါတယ်။ ၎င်းပုဂ္ဂိုလ်တွေရဲ့ ချည်းကပ်ယူဆပုံတွေဟာ ဘယ်သို့သော လားရာကို ဦးတည်နေပါသလဲ။ ဒါကို ဆန်းစစ်သတိရှိဖို့ ဖြစ်ပါတယ်။
၄။ လူထုပညာတတ်တွေရဲ့ အခန်းကဏ္ဍဟာ လူ့အဖွဲ့အစည်း အပြောင်းအလဲမှာ အလွန်အရေးပါ အရာရောက်လှပါတယ်။ လူထုပညာတတ်တွေ ကိုယ်၌က အသိဘောင်ကို ချဲ့ပြီး သတိချွန်းနဲ့ ထိန်းရပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့ အစည်းမှာ အလွန်အကျွံတွေကို အတားအဆီးမဲ့၊ အကန့်အသတ်မဲ့ တွေ့လာရပါပြီ။ အမုန်းတရားနဲ့ အာဃာတ၊ အငြိုးတရားတို့ရဲ့ ဘောင်ကို ကျုံ့စေပြီး ဆင်ခြင်တုံတရားဘောင်ကို ချဲ့ဖို့ ဖြစ်ပါတယ်။ လုပ်ရပ်တိုင်းကို အကန့် အသတ်ထားပြီး သတိနဲ့ လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်း၊ ဖြစ်ရပ် ဖြစ်စဉ်တွေရဲ့ အကြောင်း – အကျိုး နဲ့ အကျိုး – အပြစ်ကို ဝေဖန်ဆန်းစစ်ကြဖို့ ဖြစ်ပါတယ်။ ပညာမှာ သတိအားဖြင့် ကပ်ပါမလာနိုင်ရင်၊ အကန့်အသတ်ကို ကျိုးပေါက်စေတာမို့၊ ဘေးထွက်ဆိုးကျိုး များလှပါတယ်။ အနာဂတ် လူ့အဖွဲ့အစည်းကို မြော်မြင်ရာမှာ – ဆင်ခြင်တုံတရားနဲ့ သတိကို စနစ်တကျ နေရာချ ကျင့်သုံးတည်ဆောက်နိုင်ကြဖို့ ဖြစ်ပါတယ်။
၅။ အစိုးရ အပြောင်းအလဲကိုသာ လမ်းဆုံးပန်းတိုင်အဖြစ် မထားရန် နှင့် စနစ်အပြောင်းအလဲ အတွက် ဖြည့်ဆည်း လုပ်ဆောင်ကြရန် ဖြစ်ပါတယ်။ စနစ် အပြောင်းအလဲမှသည် လူ့အဖွဲ့အစည်း အပြောင်းအလဲသို့ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ စနစ်တကျ မြော်မြင်တည်ဆောက်နိုင်ကြဖို့ – အကြောင်းကောင်းတွေကို များများ ဖန်တီးထားကြရပါလိမ့်မယ်။ အကြောင်းကောင်းတွေ ဖန်တီးနိုင်စွမ်း နိမ့်ပါးတဲ့အခါ၊ အကျိုးကောင်းတွေ ဖြစ်မလာဘဲ ဆိုးကျိုးတွေသာ စုပြုံကျေးဇူးပြုလာနိုင်ကြောင်း နှင့် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်လိုဖျက်ဆီး လုပ်ရာကျကြောင်း သတိချပ်သင့်ပါတယ်။
အယ်ဒီတာ
၂၀၂၂ ၊ ဇူလိုင် ၊ ၂၆