ဂျပန်နိုင်ငံရဲ့ Sakurajima မီးတောင်ပေါက်ကွဲပြီး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်

Photo – Reuters

ဂျပန်နိုင်ငံ ကျူရှူးကျွန်းပေါ်ရှိ  Sakurajima မီးတောင်ဟာ ဇူလိုင်လ ၂၅ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ သတိပေးချက်ကို ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ထုတ်ပြန်လိုက်ပါတယ်။ 

မီးတောင်ဟာ ကာဂိုရှီးမားမြို့အနီးရှိ ကျူရှူးကျွန်း တောင်ဘက်စွန်းမှာ တည်ရှိတာဖြစ်ပြီး ည ၈ နာရီ ၅ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အေဂျင်စီရဲ့ စောင့်ကြည့်ကင်မရာမှာလည်း မီးတောင်ကနေ မီးခိုးနဲ့ ပြာတွေ တက်လာတာကို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

JMA တာဝန်ရှိသူတစ်ဦးကလည်း မီးတောင်နဲ့ ၂ ဒဿမ ၅ ကီလိုမီတာ အကွာအဝေးလောက်မှာ ကျောက်တုံးတွေ လွင့်စင် ထွက်ကျနေတယ်လို့ ပြောဆိုထားပါတယ်။

အဲဒီနောက် အေဂျင်စီက မီးတောင်ပေါက်ကွဲမှုသတိပေးချက် အမြင့်ဆုံး အဆင့် ၅ ကို တိုးမြှင့်ကြေငြာခဲ့ပြီး ကာဂိုရှီးမားမြို့မှာ နေထိုင်တဲ့သူတွေကို သတိထားနေထိုင်ဖို့နဲ့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းကြဖို့ အကြံပြုထားပါတယ်။ 

“တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုသတင်းတွေ မရရှိသေးပါဘူး၊ အစိုးရတာဝန်ရှိသူတွေက လက်ရှိအခြေအနေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေနေတယ်” လို့ လက်ထောက်အစိုးရအဖွဲ့အတွင်းဝန် Yoshihiko Isozaki က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

NASA ရဲ့ အဆိုအရ Sakurajima မီးတောင်ဟာ ဂျပန်နိုင်ငံရဲ့ ပေါက်ကွဲနိုင်ချေအများဆုံး မီးတောင်တွေထဲက တစ်ခုဖြစ်ပြီး မကြာသေးမီ ဆယ်စုနှစ်အတွင်း အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြာတွေဟာ အမြင့် ၅ ဒဿမ ၅ ကီလိုမီတာရှိတဲ့လေထဲမှာ လွင့်စင်ပျံနှံ့နေခဲ့တယ်လို့ သိရပါတယ်။