ရန်ကုန်က ဆေးဆိုင်တွေ အကန့်အသတ်နဲ့သာ ရောင်းနေရ

ရန်ကုန်မှာ အိမ်သုံးဆေးဝါးစျေးနှုန်းတွေမြင့်တက်လာတာကြောင့် အိမ်သုံးဆေးဝါးရောင်းချတဲ့ဆေးဆိုင်တချို့မှာ ဆေးဝါးကို အကန့်အသတ်နဲ့ရောင်းချနေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။
“ဆေးကဝယ်ချင်တိုင်း ဝယ်မရတော့ဘူး။ဒီဂိုဂျင်ဆိုရင် တစ်လုံး ၃၀၀ ၊လူတစ်ယောက်ကို ပါရာစီတမော့တို့၊ဒီကိုဂျင်နဲ့ ချောင်းဆိုးပျောက်ဆေးတွေဆိုရင် အများဆုံး နှစ်ကဒ်ပဲဝယ်လို့ရတော့တယ်။တချို့ဆိုင်တွေဆိုရင် ပိတ်ထားတယ်။
ဝယ်လို့မရဘူး။”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ဆေးဝါးစျေနှုန်းတွေဟာ ဒေါ်လာစျေးမြင့်တက်လာတာကြောင့် အရင်စျေးနှုန်းတွေထက် ၂၀ရာခိုင်နှုန်းပိုမိုမြင့်တက်လာနေတယ်လို့ ဆေးဆိုင်ပိုင်ရှင်တချို့ကပြောပါတယ်။
အခုလို စျေးနှုန်းမြင့်တက်လာတဲ့အတွက် လက်ကျန်ရှိတဲ့ဆေးဝါးတွေကို အကန့်အသတ်နဲ့ရောင်းချပေးနေရတာဖြစ်တယ်လို့လည်း ဆေးအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
“တချို့ဆိုင်တွေဆိုရင် ပိတ်ပါထားလိုက်ပြီ။ဆေးမရှိလို့မဟုတ်ဘူး။ရောင်းရင်ရှုံးမှာ။ဝယ်သူတွေက စျေးနှုန်းတက်တာမသိလို့မဟုတ်ဘူး။သူတို့လည်း သိတယ်။အဲ့တော့ ပိုက်ဆံရှိတဲ့သူတွေဆိုရင်လည်း ဆေးတွေပြတ်နေပြီဆိုပြီး မတရားဝယ်ကျတာ။မရှိတဲ့သူတွေအတွက်ကျတော့ ခက်ခဲတာပေါ့။ကိုဗစ်ကာလမှာလည်း ဒီလိုတွေဖြစ်ဖူးတယ်လေ။ကျွန်တော်ကတော့ အဲ့ဒါကြောင့် ရှိတဲ့ဆေးကို စျေးမတက်ဘူး။ရောင်းမယ်။မရှိတော့ရင် ဆိုင်ပိတ်မယ်။အဲ့ဒိအခါကျရင်တော့မတက်နိုင်ဘူးပေါ့ဗျာ”လို့ ဆေးအရောင်းဆိုင် ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံအာဏာကို သိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာတာဟာ အခုဆိုရင် အမေရိကန် တစ်ဒေါ်ကို မြန်မာငွေကျပ် ၂၄၀၀အထိမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။
အခုလို ဒေါ်လာစျေးတွေမြင့်တက်လာတာကြောင့် နိုင်ငံခြားငွေနဲ့ဝယ်ယူတင်သွင်းရတဲ့ ကုန်စည်တွေဟာလည်း အဆမတန်စျေးနှုန်းမြင့်မားလာနေသလို တဖက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ တနေ့တမျိုးထွက်နေတဲ့ ကြေညာချက်တွေကြောင့် နိုင်ငံတကာနဲ့ချိတ်ဆက်အလုပ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ရကိုင်ရခက်လာတဲ့ အခြေအနေတွေ ရှိလာတာပါ။