နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောကြားခဲ့တယ်လို့ phnom penh post သတင်းဌာန ဖော်ပြပါတယ်။
အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် ကောင်းမွန်တဲ့ အလားအလာတစ်ရပ်ရှိပါတယ်လို့ မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မစ္စတာ ဆွန်ခွန်းဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့ပြီး မြန်မာ့အရေးဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်နဲ့ ပတ်သတ်ပြီး တိုက်တွန်းဖို့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ မစ္စတာ ဆွန်ခွန်းဟာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် မင်းအောင်လှိုင်က ငြင်းဆိုခဲ့ပါတယ်။
“ကျွန်တော်လို့ လေးစားလိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတချို့ ရှိပါတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ်လို့ (မင်းအောင်လှိုင်)ကိုယ်တိုင်က ကတိပေးထားပါတယ်” လို့ မစ္စတာ ဆွန်ခွန်းက ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ပရတ်ဆွန်ခွန်းက နိုင်ငံရေးအကြပ်အတည်းရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို စက်တင်ဘာလာထဲမှာ တတိယအကြိမ်တရားဝင်ခရီးစဉ်လာရောက်ဖို့ ပြင်ဆင်နေတယ်လို့လည်း CNA သတင်းဌာနနဲ့ ဖော်ပြထားပါတယ်။
တကယ်လို့ ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ သူမရဲ့ဩဇာလွှမ်းမိုးမှုကို အသုံးပြုလိုကြောင်း ပရက်ဆွန်ခွန်းက ဆိုထားပါတယ်။