နယ်လှည့်ပျားမွေးသူတွေရဲ့ လေးပွင့်ဆိုင် ဒုက္ခ

“လူတွေမှ မဟုတ်ဘူး၊ ပျားတွေလည်း ကပ်ရောဂါကျတာပဲ၊ ရာသီဥတုက ပူလာတော့ ပျောက်နေတဲ့ ပိုးမွှားတွေကခေါင်းပြန်ထောင်လာတာ” လို့ မကွေးတိုင်းက နယ်လှည့်ပျားမွေးမြူသူ ကိုအောင်ဌေးက ပြောပါတယ်။

ကိုအောင်ဌေးက နယ်လှည့်ပျားမွေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းခဲ့တာ ၁၅နှစ်ရှိပါပြီ။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ၊ စစ်အာဏာသိမ်းပြီးနောက် ဒေသတစ်ခုနဲ့တစ်ခုကူးလူးသွားလာဖို့ အခက်အခဲ၊ ကပ်ပါးမွှားရောဂါနဲ့ ရာသီဥတုဖောက်ပြန်မှု လေးပွင့်ဆိုင် ဒုက္ခမျိုး တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ ကြုံဖူးတယ်လို့ ကိုအောင်ဌေးအပါအဝင် နယ်လှည့်ပျားမွေးမြူသူတွေက တစ်လေသံတည်း ဖွင့်ဟလာကြပါတယ်။

ဗူးလေးရာဖရုံဆင့်ဆိုသလို နှစ်ပေါင်း ၂၀ ကျော်ကြာ ငုပ်လျှိုးနေခဲ့တဲ့ ဗာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါဟာလည်း ပျားကောင်တွေအပေါ် ကိုဗစ်ကပ်ရောဂါနဲ့အတူ ယမန်နှစ်က ဒုက္ခအကြီးအကျယ်ပေးခဲ့တာလို့ ပျားသမားများကဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ငုပ်လျှိုးပျောက်ကွယ်နေတဲ့ ကူးစက်ပိုးမွှားတွေဟာလည်း အသွင်သဏ္ဍာန်ပြောင်းပြီး ခြိမ်းခြောက်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

တိုင်းပြည်ရဲ့နိုင်ငံခြားဝင်ငွေကို ဖြည့်တင်းပေးနေတဲ့ မွေးမြူရေးကဏ္ဍတွေထဲမှာ ပျားလုပ်ငန်းဟာလည်း အဓိကပါဝင်နေပါတယ်။

အထူးသဖြင့် နယ်လှည့်ပျားမွေးမြူသမားတွေရဲ့ အသက်သွေးကြော ပျားစားကျက်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းတို့ဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်အများဆုံးခံရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်းဇုံ ဒေသတွေ ဖြစ်နေပါတယ်။

ပျားမွေးသူတွေဟာ တစ်နေရာတည်းလုပ်ငန်း အတည်တကျ မရှိဘဲ ပျားပုံးတွေကို သယ်ပြီး ရာသီအလိုက်စိုက်ပျိုးပွင့်ဖူးတဲ့ သီးနှံတွေရှိရာဒေသတွေကို ပြောင်းရွှေ့မွေးမြူ ပျားရည်ထုတ်ကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပျားရည်ကို ဇီး၊ ပန်းနှမ်း၊နေကြာ၊လဲမှို့၊ပဲစင်းငုံ၊လိုင်ချီး၊ ရော်ဘာ၊ပင့်ကူထိပ်ပိတ်(ပန်းသုံးဆင့်)၊မိုးနှမ်း၊ပြောင်း စတဲ့ သီးနှံတွေရဲ့ပန်းပွင့်တွေကို မွေးမြူရေးပျားက ဝတ်မှုကူးစုပ်ပြီး ပျားရည်ထုတ်လုပ်တာပါ။

ဇီးပျားရည်ကို ဇီးခြံဧက မိုင်ရာချီရှိတဲ့ စစ်ကိုင်းတိုင်း ကနီ၊ဘုတလင်၊မုံရွာ၊ယင်းမာပင်၊ မန္တလေးတိုင်း ပျော်ဘွယ်၊ရမည်းသင်း တို့ကလည်းကောင်း၊ နေကြာ၊လဲမှို့ပျားရည်ကို စစ်ကိုင်း ညောင်ပင်ဝင်း၊ရေတာရှည်၊တောင်ငူတို့ကလည်းကောင်း၊ လိုင်ချီးပျားရည်ကို ကျိုက်ထို၊ရှမ်းပြည်မြောက်ပိုင်း၊ကချင်၊ကရင်တို့က လည်းကောင်း၊ပင့်ကူထိပ်ပိတ်ပျားရည်ကို စစ်ကိုင်းတိုင်း ထီးချိုင့်၊ကသာ၊ပုလဲတို့က လည်းကောင်း၊မိုးနှမ်းပျားရည်ကို မကွေးတိုင်း၊မန္တလေး ကျောက်ဆည်က လည်းကောင်း၊ပန်းနှမ်းပျားရည်၊ပြောင်းပျားရည်ကို ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း တို့ကနေထုတ်ယူရတာပါ။

ပျားမွေးသူတစ်ဦးဟာ သစ်သားနဲ့လုပ်ထားတဲ့ ပျားပုံးအနည်းဆုံး ၅၀ ကနေ ၅၀၀ အထိမွေးကြပါတယ်။ ပျားပုံးတစ်ပုံးမှာ ပျားသလက် ၈ ချပ်ထည့်ပြီး ပျားဘုရင်မ၊ပျားထီး၊လုပ်သားပျားတွေ ထောင်နဲ့ချီထည့်ပြီး သီးနှံစိုက်ခင်းတွေဘေးမှာ ပျားပုံးတွေချပြီးမွေးတာပါ။

ပျားပုံး ၅၀၀ ရှိတဲ့ လုပ်ငန်းရှင်အတွက် ရာသီဥတုကောင်းစဉ်တုန်းက တစ်နှစ်ကို ပျားရည်ပီပါ ၈၀ နဲ့ ၁၀၀ ကြားရတယ်လို့ ဆိုပါတယ်။ပျားမွေးမြူသူတွေ အားလုံးလိုလိုပြောတာကတော့ ရာသီဥတုပုံမှန်မဖြစ်တဲ့ အခုနောက်ပိုင်း ၅ နှစ်အတွင်း ပျားရည်ထွက်ရှိမှု ၊ပျားကောင်ပေါက်ဖွားမှုနှုန်း ကျဆင်းလာတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

“အရည်ရယ် ဝတ်မှုန်ရယ်စုံမှ ပျားကောင်ပေါက်နှုန်းလည်း များပြီး ပျားအဟောင်းအသစ်လဲနိုင်မှာ၊တစ်လခွဲလောက် အလုပ်လုပ်ပြီးရင် လုပ်သားပျားကသေတာ၊အထီးကတော့ မိတ်လိုက်ပြီးရင်သေတာ ၊” လို့ ကနီမြို့က ပျားသမား ကိုဇော်မင်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ရင် ထိခိုက်ခံစားရနိုင်ချေအမြင့်ဆုံးနိုင်ငံ တစ်ခုမှာ ပါတယ်ဆိုတာကို ၂၀၁၉ခုနှစ် ပြင်သစ်နိုင်ငံ မက်ဒရစ်မြို့မှာကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့် မှာ ကမ္ဘာ့နိုင်ငံအသီးသီးကလက်ခံထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်စာရင်းကို ထုတ်ပြန်တဲ့ Germanwatch ရဲ့ ၂၀၁၆ ခုနှစ်စာရင်းမှာ ဟွန်ဒူးရပ်စ်၊မြန်မာ၊ဟေတီနိုင်ငံတွေက ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အဆိုးဝါးဆုံးခံစားရတဲ့နိုင်ငံတွေလို့ သတိပေးထုတ်ပြန်ထားပါတယ်။

“ကျနော့်အလုပ်သက်တမ်းတလျောက် ပျားရည်ထွက်မှုက တစ်နှစ်နဲ့တစ်နှစ်တိုးလာတယ်မရှိဘူး၊ လျော့သွားတာပဲ ရှိတယ်၊ဥတုဖောက်လာတော့ အကုန်သတိထားမိတယ် “လို့ ၃၅ နှစ်ကြာ နယ်လှည့်ပျားမွေးမြူရေးလုပ်နေတဲ့ ကိုကြည်စိုးက ပြောပါတယ်။

နိုင်ငံအတွင်းမှာ ပျားမွေးမြူရေးလုပ်ငန်းရှင် ၉၀၀ နီးပါးက ပျားအုံပေါင်း နှစ်သိန်း နီးပါးနဲ့နယ်လှည့်ပျားရည်ထုတ်နေတာဖြစ်ပြီး နှစ်စဉ်ပျားရည် မက်ထရစ်တန် ၆ထောင်နီးပါးထွက်တယ်လို့ စစ်ကိုင်းတိုင်းပျားလုပ်ငန်းဦးစီးဌာနက ဆိုပါတယ်။

ပြည်ပကို ပျားရည်တန်ချိန် ၄ထောင်နီးပါးပို့ပြီး ကျန်တာကတော့ ပြည်တွင်းသုံးစွဲမှုလို့ ပြောပါတယ်။
တစ်နိုင်ငံလုံးပျားရည်ထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းအတွင်းကရတာလို့ ပျားလုပ်ငန်းဦးစီးဌာနအချက်အလက်များက ဖော်ပြပါတယ်။

မြန်မာပြည်ရဲ့ပျားရည်ဖောက်သည်တွေကတော့ တရုတ်၊ဂျပန်၊ထိုင်း၊စင်ကာပူ၊တောင်ကိုရီးယားစတဲ့ အာရှနိုင်ငံတွေ ဖြစ်ပြီး ဥရောပ ဒေသကို ဖောက်သည်သစ်ရှာဖို့အခြေအနေကောင်းတွေ ရှိနေတယ်လို့ ပျားလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ကုန်ခဲ့တဲ့ ၂၀၂၁-၂၂ ခုနှစ် ၆လတာ ဘဏ္ဍာနှစ်က ပြည်ပကို ပျားရည်မက်ထရစ်တန် တစ်ထောင်ကျော်ပို့ပြီး အမေရိကန် ဒေါ်လာ ၁၁ သန်းကျော်ရခဲ့တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက ထုတ်ပြန်တဲ့ အချက်တွေအရ သိရပါတယ်။

အစိုးရဌာနတွေက ယင်းကဲ့သို့ထုတ်ပြန်ထားပေမယ့် မြေပြင်လုပ်ငန်းရှင်တွေကတော့ ပျားရည်ဝယ်မယ့် ကုမ္ပဏီတွေ ရှားလာတယ်လို့ဆိုပါတယ်။ဒါ့အပြင် နယ်လှည့်ပျားသမားတွေလည်း လုပ်ငန်းကို တဖြေးဖြေးစွန့်ခွာလာကြတယ်လို့ ပြောပါတယ်။

“ပျားသမားတချို့ လိုင်စင်စာအုပ်ပဲကျန်တော့တာ။
ကျနော်တို့ကိုသိန်းပေါင်းများစွာ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီကြီးတွေတောင် သူတို့လက်ထဲ အိတ်စပို့ထွက်ဖို့ ပိုက်မိနေတဲ့ ပျားရည်တွေအများကြီးကျန်သေးလို့ ဒီနှစ်မဝယ်ဖို့ ၉၉ ဒဿမ ၉၉ သေချာတယ်လို့ပြောနေတာ “လို့ ပျားလုပ်ငန်းသမားက စိတ်ပျက် ငြီးငြူစွာပြောပါတယ်။

ပြောင်းလဲလာတဲ့ရာသီဥတုကို စိန်ခေါ်ကျော်လွှားနိုင်ဖို့ဆိုတာ ပျားမွေးမြူရေးဌာနက လုပ်ဆောင်ရမယ့်အချက်လို့ ပျားသမားတွေက ပြောပါတယ်။ နယ်လှည့်ပျားသမားကိုယ်တိုင်လုပ်ဖို့ဆိုတာ ငွေရှိမှ ဖြစ်တာလို့ပြောပါတယ်။

ရုပ်ကြွင်းလောင်စာထုတ်ယူသုံးစွဲမှုများတာ၊ သစ်တောပြုန်းတီးတာ၊ သယ်ယူပို့ဆောင်မှုကဏ္ဍပိုများလာတာ တွေဟာ ကမ္ဘာလေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ အတောမသတ်ထုတ်လွှတ်ပြီး လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေတိုးလာတာကြောင့် ကမ္ဘာကြီးပူနွေးလာတာလို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။

အပူချိန်တွေ နှစ်စဉ်စံချိန်ချိုးမြှင့်လာတာ၊မိုးရွာသွန်းမှုတွေက ပုံမမှန်တာကြောင့် စိုက်ပျိုးရေးတောင်သူတွေ သီးနှံအထွက်တိုးအောင် ဓာတုမြေသြဇာတွေ ၊ပိုးသတ်ဆေးတွေ ပိုမိုပတ်ဖြန်းသုံးစွဲရတာဟာ ဝတ်ရည်စုပ်ယူတဲ့ ပျားတွေအတွက်အဓိက အန္တရာယ်ဖြစ်နေပါတယ်။

“မိုးကရွာရင်လည်း အသကုန်ရွာတော့ နေ့ခင်းအလုပ်လုပ်ရမယ့်ပျားက မလုပ်နိုင်တော့ထွက်နှုန်းကျတယ်၊ အရင်က ၈ ကြိမ်လောက်ထုတ်ရမှာကို တစ်နှစ်မှာ ၃ကြိမ်လောက်ပဲ ထုတ်နိုင်တော့တယ်’’ လို့ ပျားလုပ်ငန်းဦးစီးတစ်ဦးက ရှင်းပြပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ရင်ဆိုင်လာရမယ့် သဘာဝပတ်ဝန်းကျင်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပျားမျိုးစိတ်တွေနဲ့ ၎င်းတို့ကျက်စားရာ ဂေဟစနစ်များပျက်စီးထိခိုက်မှုနည်းစေဖို့ ရည်ရွယ်လုပ်ဆောင်မယ်ဆိုတာကို မြန်မာနိုင်ငံပျားမွေးမြူရေးအသင်းက
“ကမ္ဘာ့ပျားနေ့” ဖြစ်တဲ့ ၂၀၂၂ခုနှစ်မေလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပျားရည်ကနေ ထွက်တဲ့ကုန်ပစ္စည်းတွေဟာ လူသားတွေအတွက် စားသုံးကုန်၊အလှကုန်၊ဆေးဝါးအဖြစ်အရေးပါတာမို့ ပျားတွေရဲ့အစာကွင်းဆက် မပျက်ရေးဟာ အရေးကြီးတဲ့တာဝန်တစ်ခုဆိုတာ အာရုံစိုက်မိလာကြပါတယ်။

ဒီကွင်းဆက်ရဲ့အဓိကဇစ်မြစ်ကတော့ ရာသီဥတုဖောက်ပြန်မှုကြောင့် ဇီဝဂေဟစနစ်ပျက်သုန်းသွားခြင်းပါ။

အပူချိန်မြင့်တက်လာတာ၊မိုးရေချိန်မြင့်လာတာ၊ရာသီဥတုအပြောင်းအလဲ လွန်ကဲတာ၊ပန်းပွင့်ရာသီစောတာ၊နောက်ကျတာတွေ ဖြစ်လာတာမို့ ပျားနဲ့ဝတ်မှုန်ကူးအင်းဆက်ပိုးတွေ အစာရရှိနိုင်မှု ၊နေထိုင်ကျက်စားရာတွေ ပျောက်ကွယ်လာနိုင်တယ်လို့ စိုက်ပျိုးရေးပညာရှင်များက သတိပေးထားပါတယ်။

ပျားများရဲ့စားကျက် ရွှေ့ပြောင်းပျားလုပ်ငန်းရှင်များရဲ့အသက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီ၊ယင်းမာပင်၊ဘုတလင်၊မုံရွာ၊ ကလေးမြို့နယ်များဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မှာ စံချိန်တင်အပူချိန် တွေတိုးတာ၊မိုးရွာသွန်းမှုတွေပုံစံပြောင်းခြင်းကြောင့် လျှတ်တပြတ် ရေကြီးရေလွှမ်းမိုးတာ ၊လေပြင်းမုန်တိုင်းတိုက်ခတ်မှုအကြိမ်ရေများလာတာ နှစ်စဉ်ဖြစ်လာတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန အကြီးအကဲတစ်ဦးက ပြောပါတယ်။

“တစ်နိုင်ငံလုံးနေရာအနှံ့ကြိုက်သလောက် ပတ်သွားထုတ်၊ အဲဒီလောက်ကို စစ်ကိုင်းတိုင်းက နှစ်လထဲနဲ့ပေးနိုင်တယ်၊”လို့ ပျားရည်ထုတ်လုပ်မှုကဏ္ဍမှာ စစ်ကိုင်းတိုင်းက အဓိက သော့ချက်ဖြစ်နေတာကို မန္တလေးတိုင်းပျားလုပ်ငန်းရှင်အသင်း တာဝန်ရှိသူက ထောက်ပြပါတယ်။

နှစ်စဉ် ဧပြီလကနေ ဇူလိုင်လအထိဟာ မွေးမြူရေးပျားတွေကို အားရှိစေဖို့ သကြားရည်ဖြည့်စွတ်စာကျွေးပြီး အားမွေးထားရတဲ့အချိန်ပါ။သကြားဈေးကလည်းကြီးမြင့်လာတာကြောင့် အကြွေးတွေတင်နေကြပြီလို့ နယ်လှည့်ပျားသမားများက စိတ်ပျက်လက်ပျက်ငြီးငြူကြပါတယ်။

ပြင်ပတင်ပို့တဲ့ ပျားရည်ကုမ္ပဏီကြီးတွေက ဝယ်ဖို့မဝယ်ဖို့လည်း မသေချာ၊ ဖြည့်စွက်စာမကျွေးရင်လည်း ပျားတွေသေဆုံးကုန်မှာ နဲ့ ပျားရည်အမှန်တကယ်ထုတ်ရမယ့် စက်တင်ဘာကနေ မတ်လအထိအတောအတွင်းမှာလည်း စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊လက်နက်ကိုင်တော်လှန်ရေးတွေကြောင့်သွားလာလို့ ရမရ ကိုလည်း ပူပန်နေကြရတာဖြစ်ပါတယ်။

“တကယ့်ထုတ်ရမယ့်အချိန် စစ်ကိုင်းတိုင်းက အဆင်ပြေပါမလား နေ့တိုင်းရင်တထိတ်ထိတ်ဖြစ်နေတယ်” လို့ ကိုကြည်စိုးက ပြောပါတယ်။

ရေရှည်စိုးရိမ်ချက်ကတော့ စိုက်ပျိုးသီးနှံများရဲ့ စိုက်ပျိုးအနေအထားပြောင်းလဲလာချိန်မှာ ပျားလုပ်ငန်းကလည်း လိုက်လျောညီထွေစွာပြောင်းနိုင်ဖို့ပါ။

ဒီအတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို ပျားလုပ်ငန်းဦးစီးဌာနက အပူတပြင်းလုပ်ဆောင်နေပေမယ့် ထင်သလောက်ခရီးမရောက်သေးဘူးလို့ ပျားမွေးမြူသူတွေက ဝေဖန်ပါတယ်။

ပျားတွေဝတ်မှုန်ကူးခြင်းကြောင့် သီးနှံတွေ အထွက်တိုးတယ်ဆိုတာကို တောင်သူတွေက လက်ခံနားလည်လာတာ သိပ်မကြာသေးပါဘူး။

ပျားတွေရှင်သန်ဖို့ခက်လာရင် အပြန်အလှန်အားဖြင့် သီးနှံအထွက်နှုန်းအပေါ် ထိခိုက်လာမယ်လို့ စိုက်ပျိုးရေးပညာရှင်တစ်ဦးကဆိုပါတယ်။

မည်သို့ပင်ဖြစ်စေ ပျားရည်ထုတ်စရာ သီးနှံတွေလျော့နည်းလာရင်တော့ နှစ်ရှည် ရာသီဥတုဒဏ်ခံ ကန္တာရအပင်တွေမှာ ပျားကို စမ်းသပ်မွေးမြူဖို့ ကြိုးစားနေတာလည်း မပီမပြင် ဝိုးတဝါးအိမ်မက်သာ ဖြစ်နေဆဲလို့ ပျားမွေးမြူသူတွေ ပြောဆိုလိုက်ပါတယ်။

“ရောဂါတွေ နယ်တွေလှည့်သွားလာဖို့မလွယ်တာတွေက အချိန်တစ်ခုကြာရင် ပြေလည်သွားနိုင်ပေမယ့် ၊ရာသီဥတုဖောက်တာကတော့ ဘာမှလုပ်မရဘူး၊ ပျားရည်ထွက်နှုန်းကလည်း တစ်နှစ်ထက်တစ်နှစ် ကျပြီးရင်ကျ “လို့ ကိုအောင်ဌေးက ညည်းတွားနေပါတယ်။

ကြည်ပြာ