ဆူဒန်နိုင်ငံအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်

Photo – Reuters

ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာမလုံလောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ်က သဘောတူညီခဲ့တယ်လို့  ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ထောက်ပံ့‌ငွေကို  အရေးပေါ် ဘေးကင်းရေးပရောဂျက်တစ်ခုအနေနဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတဆင့် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဆော်ဒီအာရေးဗီးယားနဲ့ တခြားအနောက်နိုင်ငံတွေကနေ ရန်ပုံငွေထောက်ပံ့ပေးမယ့် အခုအစီအစဉ်ဟာ ဆူဒန်နိုင်ငံသား ၂ သန်းကို ငွေသားလွှဲပြောင်းပေးတာနဲ့ အစားအသောက်တွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဆူဒန်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကမ္ဘာ့ဘဏ်ဟာ ဆူဒန်မှာရှိတဲ့ သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေအတွက် ငွေပေးချေမှုတွေကို ဆိုင်းငံ့လိုက်ပြီး ပရောဂျက်တွေအတွက် ရန်ပုံငွေတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကနေပဲ တိုက်ရိုက် လွှဲပေးခဲ့ပါတယ်။

“ဆူဒန်အစိုးရနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေအရ ရန်ပုံငွေထောက်ပံ့မှုကို ခေတ္တရပ်ဆဲထားမှာပါ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်တွေဟာ အခုလို အရေးကြီးတဲ့ကာလမှာ ဆူဒန်ပြည်သူတွေကို တိုက်ရိုက်ပံ့ပိုးကူညီပေးတဲ့အတွက် ဝမ်းသာပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံဆိုင်ရာ ဒါရိုက်တာ Ousmane Dione က ပြောကြားထားပါတယ်။

အခုနှစ်အစောပိုင်းမှာ အကျပ်အတည်းနဲ့ အရေးပေါ် ငတ်မွတ်မှု ကြုံနေရသူ အရေအတွက်ဟာ ၄၅ သန်းခန့်ရှိတဲ့  ဆူဒန်နိုင်ငံမှာ စက်တင်ဘာလမှာ ၁၈ သန်းအထိ ရှိလာနိုင်တယ်လို့  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ခန့်မှန်းထားပါတယ်။