
နှစ်ပေါင်း ၇၀အတွင်း အဆိုးရွားဆုံး စီးပွားရေး အကြပ်အတည်းကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတသစ် Ranil Wickremesinghe က ဒီကနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
သမ္မတသစ်ဟာ ဇူလိုင်လ ၂၀ရက်နေ့က မဲရေတွက်မှုမှာ အဖွဲ့ဝင် ၂၂၅ ဦးအနက် ၁၃၄ မဲနဲ့ အနိုင်ရရှိခဲ့တာပါ။
အသက် ၇၃နှစ်အရွယ်ရှိတဲ့ သမ္မတသစ် Ranil Wickremesinghe ဟာ သီရိလင်္ကာနိုင်ငံမှာ အရင်က ဝန်ကြီးချုပ်အဖြစ် ၆ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗြိတိန်ဆီကနေ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရတဲ့ တိုင်းပြည်ကို ထိန်းကျောင်းဖို့အတွက် သမ္မတသစ်ဟာ ဝန်ကြီး ၃၀ ထက်မပိုတဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ မျှော်လင့်ထားကြောင်း တရားဝင် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အကြပ်တည်းဆုံး စီးပွားရေးပြဿနာ ကြုံတွေ့နေရတာဖြစ်ပြီး လူဦးရေ ၂၂သန်းဟာ လျှပ်စစ်မီးပြတ်တောက်မှု ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လတ်မှု ၊ လောင်စာဆီပြတ်လတ်မှုဒဏ်ကို လနဲ့ချီ ခံစားနေရတာ ဖြစ်ပါတယ်။
အဲဒီပြဿနာတွေကြောင့် မြို့တော် ကိုလံဘိုမှာရှိတဲ့ သမ္မတအိမ်တော်ကို ဇူလိုင်လ ၉ ရက်နေ့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ၀င်ရောက်စီးနင်းခဲ့ကြပြီးနောက် သမ္မတ ရာဂျာပတ်ဆာဟာ ရာထူးက ဆင်းပေးမယ်လို့ ကြေညာခဲ့တာပါ။
အဲဒီနောက် ရာဂျာပတ်ဆာဟာ လေယာဉ်နဲ့ မော်လ်ဒိုက်နိုင်ငံကို ထွက်ပြေးသွားခဲ့ပြီး လက်ရှိ စင်ကာပူနိုင်ငံမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။ စင်ကာပူအစိုးရက သူ့ကို ၁၄ရက် ဗီဇာပေးထားတယ်လို့ ဆိုပါတယ်။