ထီးလင်း​၊ ဂန့်ဂေါ နဲ့ ကလေးမြို့နယ်တွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်

Photo – Google
ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်တောင်ပိုင်းတွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်လျှက်ရှိတယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်ဟာ ဇူလိူင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ မနက်အစောပိုင်းကစပြီး ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့ပြီး၊ ဇူလိူင်လ ၂၀ ရက်နေ့မနက်ပိုင်းမှာ ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြံ၊ နတ်ချောင်း၊ အရှေ့စည်း၊သံဖို၊ ဟဲလုပ်၊ တင်သား၊ မှန်တော စတဲ့ရွာတွေမှာပါ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်လို့ သိရပါတယ်။
ဖုန်းလိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားခြင်းဖြစ်နိုင်ပြီး သူတို့ စစ်ကြောင်းထိုးတဲ့နယ်မြေတွေ၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်ဟာ သတင်းအမှောင်ချဖို့ နဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပြီး ဒေသခံပြည်သူတွေ အကူအညီ အခက်အခဲဖြစ်အောင် လုပ်လေ့ရှိတယ်လို့ ကလေးဒေသခံတွေက ဆိုပါတယ်။
ဇူလိူင်လ အတွင်းမှာ စစ်ကောင်စီဟာ ထီးလင်းမြို့နယ်ထဲမှာ လှည့်လည်စစ်ကြောင်းထိုးနေပြီး ၊ ဂန့်ဂါ – ကလေး ကားလမ်းတစ်လျောက်စစ်ကြောင်းထိုးခဲ့ပါတယ်။ ဇူလိူင် ၂၀ ရက်နေ့မှာတော့ ကလေးမြို့မြစ်သာမြစ်အရှေ့ဘက် ရွာတွေကို စစ်ကြောင်းထိုးနေပြီလို့ သိရပါတယ်။