ပါကစ္စတန်နိုင်ငံ Indus မြစ်ထဲမှာ မင်္ဂလာဆောင်သွားမယ့် လူ ၁၀၀ နီးပါးကို တင်ဆောင်လာတဲ့ ခရီးသည်တင် လှေတစ်စီး နစ်မြုပ်သွားခဲ့ပြီး ပျောက်ဆုံးနေသူ ၂၉ ဦးကို ရှာဖွေဖို့ ဇူလိုင်လ ၁၉ရက်နေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဇူလိုင်လ ၁၈ရက်နေ့က လှေနစ်မြှုပ်တာကြောင့် အမျိုးသမီးနဲ့ ကလေး ၂၁ ဦး သေဆုံးခဲ့တယ်လို့ အကြီးတန်း အစိုးရ အရာရှိတဦးက ပြောဆိုပါတယ်။
မနေ့က သတို့သားအပါအဝင် အနည်းဆုံး လူ ၆၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကလေးငယ်တွေ အပါအဝင် လူ ၂၉ ဦး ပျောက်ဆုံးနေခဲ့ပြီး သူတို့ဟာ အသက်သေဆုံးနိုင်ချေများတယ်လို့ အစိုးရအရာရှိ Saleem Assi က ပြောကြားထားပါတယ်။
လှေတိမ်းမှောက်ချိန် လှေပေါ်မှာ အနည်းဆုံး လူ ၉၀ ကျော် လိုက်ပါခဲ့တာဖြစ်ပြီး လူ ၂၁ ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ရဲ့ဆွေမျိုးတွေဆီ လွှဲပြောင်းပေးထားတယ်လို့ Assi က ဆက်လက်ပြောဆိုထားပါတယ်။
ခုလိုမတော်တဆမှုတွေဟာ ပါကစ္စတန်မှာ အဖြစ်များပြီး မြစ်တွေနဲ့ ရေကန်တွေမှာ ကုန်ပစ္စည်းနဲ့ လူတွေကို သယ်ယူပို့ဆောင်ဖို့အတွက် သစ်သားလှေတွေကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ အများစုကတော့ အသက်ကယ်အင်္ကျီမပါဘဲ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။