စစ်ကောင်စီရဲ့ ကျွန်းပင်ဂိတ်စခန်းကို DRPA အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ဂိတ်စခန်းတစ်ခုဖြစ်တဲ့ ကျွန်းပင်ဂိတ်စခန်းကို အာဏာရှင်တော်လှန်ရေး ပြည်သူ့စစ်တပ်(DRPA)က ဇူလိုင်လ ၁၆ ရက်နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ DRPAက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၇ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။​
“မနေ့ကကျွန်းပင်ဂိတ်ကိုက ၂နာရီ၅၀မိနစ်လောက်မှာ Drone နဲ့ဗုံးအရင်ကြဲပြီး ဝင်ပစ်ကြတာဗျ။ အပြန်အလှန်ပစ်ခက်မှုရော ဖြစ်သေးတယ်ဗျ။သူတို့ကလဲ ပြန်ပစ်တယ်။အဲ့ဂိတ်မှာ စကစ အဖွဲ့ဝင် ၁၀ ဦးလောက်ရှိတယ်။ မြို့ပေါ်ကလဲ လက်နက်ကြီးနဲ့ ပစ်ကူတယ်။ အချိန်ခဏပဲဗျ ကျနော်တို့က တန်းပြန်ဆုတ်တာ။ အဲ့နားက ဒေသခံတွေက ပြောတာက ၇ကောင် ကားပေါ်ကောက်သယ်သွားရတယ်။ ဒီပဲယင်းဆေးရုံကို”လို့ DRPA အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA ၊ FRF နဲ့ မိုးဦးအဖွဲ့တို့ကပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီစခန်းကို တိုက်ခိုက်မှုဟာ ၃ ကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။
“လူထုကိုခြိမ်းခြောက်နစ်နာအောင်လုပ်တဲ့သူတွေအားလုံးအနှေးနဲ့အမြန် ပြန်ပေးဆပ်ရလိမ့်မယ်လို့ပဲပြောလိုပါ တယ်” လို့ DRPA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်က အကြမ်းဖက်စစ်သားတွေဟာလက်နက်အားကိုးနဲ့ ပြည်သူ့လူထုအပေါ် ဓါးမြတိုက်နေတဲ့ ဂိတ်စခန်းတစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။