စစ်တပ်ပိုင် မြဝတီဘဏ် လုံခြုံရေးကင်းတဲနဲ့ အရံမီးသတ်စခန်းဖောက်ခွဲ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က မြဝတီဘဏ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်သားတွေနဲ့ အရံမီးသတ်စခန်းတို့ကို မန္တလေး UG တပ်ပေါင်းစုက ဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့​ King Cobra Guerrilla force-MDY က ထုတ်ပြန်​လိုက်ပါတယ်။
ဇူလိုင်လ ၁၆ ရက် ည ၇နာရီခွဲ အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်း ၁၁၄၊ ၁၁၅ လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ သာယာဝတီလမ်းကြားရှိ အကြမ်းဖက်စစ်တပ်ပိုင် မြဝတီဘဏ် အစောင့်လုံခြုံရေး ဘန်ကာကို ရှေ့ထွက်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် မြဝတီဘဏ်အတွက် လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းမှာ ပြည်ကြီးတံခွန် မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၅၉ D လမ်းနဲ့ ၁၁၇ ကျန်စစ်သားလမ်းထောင့်ရှိ၊ (ဃ) ရပ်ကွက် အရံမီးသတ်စခန်းကို ဗုံးတစ်လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် အရံမီးသတ်စခန်းအဆောက်အဦးနဲ့ ဒလံတစ်ဦးရဲ့ အိမ်စီးကားတစ်စီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ပြီးနောက် မီးသတ်ရုံအတွင်းက ပျူစောထီးတွေနဲ့ဒလံတွေဟာ တုတ်၊ဓါးဆတွနဲ့ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် မဟာမိတ်အဖွဲ့က ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး KCGF က ဗိုလ်မြွေပွေးက “ပြည်သူဘက်မရပ်တည်တဲ့ မည့်သည့်အဖွဲ့စည်းမဆို လက်ပိုက်ကြည့်နေမှာ မဟုတ်ပဲ ထိုက်သင့်တယ့် အရေးယူဒဏ်ခတ်မူတွေပြုလုပ်မယ်လို့” ပြောပါတယ်။
တိုက်ခိုက်မှုတွေကို K.C.G.F-MRRF-MSMF-(MDY-UGတပ်ပေါင်းစု) က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။