ဒရယ်ကျွန်း ဝါဆိုလှိုင်းခုန် ပွဲတော်မှာ အမျိုးသား ၄ ဦး ရေနစ်သေဆုံး

(ငပုတောမြို့နယ် ပြင်ခရိုင်ရွာ နှင့် သက္ကယ်သောင်ရွာ ဝါဆိုလှိုင်းခုန်ပွဲကျင်းပနေပုံ ၂၀၁၈ ခုနှစ် ပုံဟောင်း)

 

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ဒရယ်ကျွန်းကမ်းခြေမှာ (ဝါဆိုလပြည့်ကျော် ၁ ရက်) ဇူလိုင်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ဝါဆိုလှိုင်းခုန် ပွဲတော်မှာ အမျိုးသား ၄ ဦး ရေနစ်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
ဝါဆိုလှိုင်းခုန်ပွဲတော် ကျင်းပရေး ဦးဆောင်တဲ့အဖွဲ့ဟာ အရေးပေါ်ရေ ပြင်သက်ကယ် လုံခြုံရေး အစီအမံ အားနည်းခဲ့တာကြောင့် အခုလိုသေဆုံးရတာလို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။
“ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ခဲ့ဘူးပါဘူး ။ ရုတ်တရက်ဖြစ်သွားတာ ခုကအရေးပေါ်လိုက်ဆယ်ဖို့ စက်လှေ သက်ကယ်ဗော နဲ့ ဆယ်ယူရေးအဖွဲ့ဆိုတာ လည်းမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဝါဆိုလှိုင်းခုန်ပွဲကို ရေကျော်ရွာက လာတဲ့ အသက် ၄၀ အရွယ် ဦးမျိုးကိုကို၊ အသက် ၅၆ နှစ်အရွယ် ဦးအေးထွန်း၊အသက် ၄၉ နှစ်အရွယ် ဦးဇော်မြင့်နိုင်နဲ့ အသက်၄၈ နှစ်ရှိ ဦးဆန်းအောင်တို့ ရေနစ်သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
သေဆုံးသူ ၄ ဦးဟာ မိုးတိမ်ပြင်ကျေးရွာ အုပ်စု ကျွန်းလေးချောင်း ကနေ ဒရယ်ကျွန်းဘက်ကမ်းကို ရေထဲက ဖြတ်ကူးတာမှာ ဦးအေးထွန်းဟာ လှိုင်းပုတ်ခံရပြီး ရေစီးထဲ မျောပါသွားလို့ ကျန် ၃ ယောက်က လိုက်ကယ်ရာက ၄ ဦး စလုံးရေ နစ်သေဆုံးရတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
“၄ ယောက်ထဲက ဦးမျိုးကိုကိုရဲ့အလောင်းကို နေ့ချင်းပြန်တွေ့တယ်။ ကျန် ၃ ယောက်ကို ၃ ရက်ကြာမှ ပြန်တွေ့တယ်” လို့ အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။
ငပုတောနယ်အတွင်းက ကမ်းခြေရွာတွေမှာ ဝါဆိုလှိုင်းခုန် ပွဲတော်ကို ယခင် အစိုးရ အဆက်ဆက်က နှစ်စဥ် ပြုလုပ်နေကြဖြစ်ပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေကြောင့် အချို့ကျေးရွာတွေက ကျင်းပခြင်း မပြုခဲ့ကြဘူးလို့ သိရပါတယ်။