အီရန်က အမေရိကန်နိုင်ငံသား ၆၀ ကျော်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်

Photo – Reuters

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo အပါအဝင် နောက်ထပ်အမေရိကန်နိုင်ငံသား ၆၁ ဦးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်လို့ အီရန်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အခုလို ချမှတ်တာဟာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ လပေါင်းများစွာကြာ ဆွေးနွေးမှုတွေရပ်တန့်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပရောက် အတိုက်အခံအဖွဲ့ Mujahideen-e-Khalq (MEK) ကို ထောက်ခံအားပေးမှုနဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ နာမည်ပျက်စာရင်းမှာ သမ္မတ Donald Trump ရဲ့ ရှေ့နေဟောင်း Rudy Giuliani နဲ့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton ပါဝင်တယ်လို့  အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။

အီရန်ဟာ အမေရိကန်နိုင်ငံသားဒါဇင်ပေါင်းများစွာကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရင်ကတည်းက ချမှတ်ခဲ့ပြီး အီရန်မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကို သိမ်းယူခွင့်ပြုခဲ့တာပါ။

ဇန်နဝါရီလမှာ အမေရိကန်နိုင်ငံသား ၅၁ ဦးကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဧပြီလမှာလည်း  နောက်ထပ် အမေရိကန်နိုင်ငံသား ၂၄ ဦးကို နာမည်ပျက်စာရင်းသွင်းခဲ့ပါသေးတယ်။

အီရန်ဟာ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းဖို့အတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို  သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ နိုဝင်ဘာလက စတင်ပြုလုပ်ခဲ့ပြီး ဇွန်လမှာလည်း ကာတာနိုင်ငံမှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စေ့စပ်ညှိနှိုင်းမှုဟာ လနဲ့ချီကြာအောင် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတ Trump လက်ထက်မှာ အီရန်အပေါ် ပျော့ပြောင်းလွန်းတယ်လို့ ဆိုပြီး သဘောတူညီချက်တွေကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။