စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပညာရေးအခွင့်အရေးကို ချိုးဖောက်နေတာလို့ NUG ထုတ်ပြန်

Kaung For You ဖယ်ဒရယ်ပညာရေးကျောင်း အချက်အလက်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်ပြီး တက်နိုင်တဲ့ဘက်က ကူညီပေးသွားမယ်လို့ အမျိုးသား ညီညွတ်​ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အချက်အလက်ပေါက်ကြားမှုကြောင့် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ပညာရေး၊ အဖမ်းဆီးခံရတဲ့ဆရာ၊ ဆရာမတွေနဲ့ပတ်သတ်ပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်တွေဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခွင့်အရေး တွေကို ဖော်ပြထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာ တမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နဲ့ ပြည်တွင်းဥပဒေဖြစ်တဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေခံခဲ့ရတဲ့ ပြည်သူတွေ တိုင်ကြားနိုင်ဖို့နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ (Complaint Mechanism) hotline channel တွေ အသိပေးသွားမယ်လို့ ဆိုပါတယ်။
ဆရာ၊ ဆရာမ၊ မိဘတွေနဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ (Counseling Service)ကိုလည်း လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဇွန်လ ၂၂ ရက်နေ့ တည်းက အချက်အလက်ပေါက်ကြားတာနဲ့ ပတ်သတ်ပြီး Kaung for You ကျောင်းမှ တာဝန်ရှိသူတွေကို စတင်ခေါ်ယူ ဆွေးနွေးမေးမြန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
မနေ့ကဇူလိုင် ၁၆ ရက်နေ့ညက စစ်ကောင်စီသတင်းဌာနမှ ဆရာကောင်းသိုက်စိုး အပါအဝင် CDM ဆရာသုံးဦးကို မတရားဖမ်းဆီးတဲ့အပြင် သိက္ခာကျဆင်းစေဖို့ မဟုတ်မမှန် သတင်းတွေ လုပ်ကြံဖန်တီးပြီး ထုတ်ပြန်ကြေညာခဲ့ရာ ယုံကြည်ဖွယ်ရာမရှိတဲ့ လုပ်ကြံဖန်တီးတဲ့ သတင်းမှားသာ ဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း ဆိုပါတယ်။
Kaung For You ကျောင်း အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူကာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ခြိမ်းခြောက်တာ၊ ငွေလိမ်လည်ခြင်း ပြုလုပ်နေမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများအနေနဲ့ စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။