ကျောင်းဆရာမ ၂ဦးအပါအဝင် ၈ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၅နှစ်ချ

ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖျာပုံထောင်တွင်းတရားရုံးက ကျောင်းဆရာမ ၂ ဦးနဲ့ အရပ်သား ၆ ဦး ၊ စုစုပေါင်း ၈ဦးကို အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၅ နှစ်စီချလိုက်တယ်လို့ သိရပါတယ်။
ကျိုက်လတ်မြို့နယ် တရားသူကြီး ဒေါ်ဖြူဖြူအောင်က ဖျာပုံထောင်တွင်း တရားရုံးမှာ အကြမ်းဖက်ပုဒ်မ ၅၂ (ခ)နဲ့ အဲဒီ ၈ဦးကို ဇူလိုင်လ ၁၄ ရက်နေ့မှာ အမိန့်ချလိုက်တာလို့ အကျဥ်းဦးစီဌာနနှင့် နီးစပ်သူက ပြောပါတယ်။
ထောင် ၅ နှစ်ချခံရတဲ့ ကျောင်းဆရာ မတွေဖြစ်တဲ့ ဒေါ်မြင့်မြင့်ရီ၊ ဒေါ်မြင့်မြင့်စီနဲ့ အရပ်သား လူငယ်တွေဖြစ်ကြတဲ့ မသန်းသန်းဦး၊ ကိုတင်အောင်မိုး၊ ကိုခိုင်စိုး၊ ကိုဗညားအောင်၊ ကိုအောင်သူ နဲ့ ကိုမျိုးသန့်ဦး တို့ဟာ ကျိုက်လတ်မြို့မှာနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
သူတို့ ၈ ဦးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်းက ကျိုက်လတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပါတ်သက်ပြီးအကြမ်းဖက်စစ်တပ်က သံသယနဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရား ရုံး ဝန်ထမ်း တစ်ဦး က”ကျူးလွန်တာ မပေါ် ပေါက်ဘဲနဲ့ မြို့နယ်အဆင့် တရားရုံးက အ ကြမ်းဖက်ဆိုပြီး ၅ နှစ် ချတာ လွန်လွန်းတယ်”လို့ မှတ်ချက်ပြု ပြော ဆိုပါတယ်။
ခရိုင်မြို့ဖြစ်တဲ့ ဖျာပုံမြို့နယ် တရားရေးဌာနမှာ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂(ခ) နဲ့ တရားစွဲခံရသူတွေကို အများဆုံးထောင် ၃ နှစ်အထိသာ အမိန့်ချခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။
“အကြမ်းဖက် တဲ့သူတွေ မဟုတ်ပါဘူးဗျာ။ပေါက်ကွဲမှုတွေ အတွက် အစားထိုး တရားခံတွေ ဖြစ်သွား ကြတာပါ”လို့ ဒေသခံရှေ့နေ တစ်ဦးကလည်း သုံးသပ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကျိုက်လတ်မြို့နယ်မှာ နိုင်ငံရေး ပုဒ်မအမျိုးမျိုးနဲ့ အဖမ်း ခံထားရသူတွေအနက် ၅ဝ၅-က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၁၁ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။