ပုလောတိုက်ပွဲမှာ KNU ပူးပေါင်းဘက်က ၃ ဦးကျဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီး တိုက်ပွဲမှာ KNU ပူးပေါင်းအဖွဲ့ဘက်က ၃ ဦးကျဆုံးတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက ပဝတ်ကုန်းကျေးရွာဘုန်းကြီးကျောင်းအဝင်းအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို KNUနဲ့PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဟာ မနက် ၅ နာရီလောက်ကနေ နေ့ခင်း ၁၂ နာရီလောက်ထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ KNU တပ်မဟာ (၄)၊ တပ်ရင်း (၇) က ဗိုလ်ဖအေးနဲ့ ရဲဘော်တစ်ဦး၊ ပုလောပြည်သူ့ကာကွယ်ရေးတပ် (PPDF) ဘက်က တပ်ခွဲမှူးစော်ဘွားတို့ ၃ ဦးကျဆုံးခဲ့တယ်လို့ Palaw Karen People’s Defence Force က ထုတ်ပြန်ပါတယ်။
“တိုက်ပွဲမှာ ပူးပေါင်းအဖွဲ့ဘက်က ၃ ဦးကျဆုံးတာဟုတ်ပါတယ်။ KNU ဘက်က ၂ ဦးနဲ့PDF ဘက်က တစ်ဦးပါ။ KNU ဘက်က ၂ ဦးကျသွားတာကို PDF တပ်ခွဲမှူးက အလောင်းတက်ကောက်ရာကနေ စနိုက်ပါထိပြီး သူပါ ကျသွားတယ်။ ”လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တိုက်ပွဲမှာ ကျဆုံးခဲ့သူ ၃ ဦးအနက် KNU ဘက်က ဗိုလ်ဖအေး အလောင်းကိုသာ ပြန်ကောက်ယူနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ် စနိုက်ပါသမားကြောင့် တပ်ခွဲမှူးစော်ဘွားနဲ့KNU ရဲဘော်တစ်ဦးရဲ့ အလောင်းကိုတော့ ပြန်မကောက်နိုင်ခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
ဇူလိုင် ၁၃ရက် နေ့ခင်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လာတာကြောင့် ထိုးစစ်ကိုရပ်ပြီး ပူးပေါင်းအဖွဲ့တွေ ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။