ချင်းပြည်နယ်၊ ဂန့်ဂေါမြို့တောင်ပိုင်းက ကန်ရွာရဲစခန်းကို ဒေသလက်နက်ကိုင်အဖွဲ့တစ်ခုက ဇူလိုင် ၁၃ ရက် ည ၁၁ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လန့်ကိုနိုးသွားတာ။ ညကဖြစ်ပြန်ဆိုတော့ အသံမှအကျယ်ကြီး။ သေနတ်သံတွေရော၊ ပေါက်ကွဲသံတွေရော ဆူညံနေတာပဲ။ စခန်းထဲကို ရဲရဲအလုံးကြီးတွေကျတာ။ အဆောက်အဦးပေါ်တွေတော့မကျဘူး”လို့ ကန်ရွာတောင်တိုက်သားတစ်ဦးကပြောပါတယ်။
ကန်ရွာရဲစခန်းကိုလာတိုက်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ကန်ရွာအရှေ့ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖြစ်ပွားချိန်ဟာ နာရီဝက်ခန့်ကြာခဲတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
” အိမ်တွေတောင်တုန်သွားတာဗျ။ မီးရောင်တွေဆိုဖျာခနဲဖျာခနဲပဲ။ နာရီဝက်တော့ကြာမယ်။ ပစ်ကြတာ။ ရွာရှေ့က ပြောင်းဖူးခင်းထဲမှာ ခြေရာတွေကျန်ခဲ့တယ်။ ပစ်တဲ့အဖွဲ့က အရှေ့တောင်ဆီကဆင်းလာတဲ့ PDF အဖွဲ့ လို့တော့ကြားတယ်ဗျ” လို့ ကန်ရွာအရှေ့ပိုင်း ရဲစခန်းအနီးဝန်းကျင်မှာနေထိုင်တဲ့ ရွာသားတစ်ဦးကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကို ကန်ရွာကျေးရွာအုပ်စုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ကန်ရွာရဲစခန်းကရဲတွေဟာ သုံးလေးရက်တစ်ခါ ရွာထဲကိုအုပ်စုလိုက်ထွက်ပြီး ရွာသားတွေရဲ့ ကြက်တွေကို သတ်ဖြတ်ယူဆောင်သွားလေ့ရှိတာကြောင့် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရွာထဲလာပြီး ဟိုအိမ်ကကြက်ကိုသတ်သွားလိုက်၊ ဒီအိမ်ကကြက်ကိုဖမ်းသွားလိုက် သောင်းကြမ်းနေကြတော့ သတိပေးတဲ့အနေနဲ့လုပ်တာပါ” လို့သူက ပြောပါတယ်။
ပစ်ခတ်မူဖြစ်စဥ်အတွင်း ထိခိုက်သေဆုံးမူမရှိဘူးလို့ ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကန်ရွာရဲစခန်းက ရဲတွေဟာ ဒီကနေ့ဇူလိုင် ၁၄ ရက်နေ့မှာတော့ အပြင်မထွက်ကြပဲ စခန်းထဲမှာပဲ နေနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ရွာရဲစခန်းဟာ ရွာရှေ့အထွက်နား လမ်းမကြီးဘေးမှာတည်ရှိပြီး လမ်းတွေအမြဲပိတ်ထားတာကြောင့် ကန်ရွာက လယ်ခင်း၊ယာခင်းသွားမယ့်သူတွေဟာ ကွင်းလမ်းကနေ နေ့စဥ်သွားလာနေကြရတယ်လို့ သိရပါတယ်။